Saturday, February 11, 2012

အီရန်တော်လှန်ရေးနေ့ နှစ်ပတ်လည်တွင် အမာဒီနီဂျက် နျူကလီးယား အကြောင်းပြော


၁၉၇၉ - တော်လှန်ရေးနေ့နှစ်ပတ်လည်အခမ်းအနားတွင် လူထုအားမိန့်ခွန်းပြောကြားခဲ့ရာတွင် အီရန်သမ္မတ အမာဒီနီဂျက်က မကြာမီအချိန်တွင် အီရန်နိုင်ငံနျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အလွန်အရေးကြီးသော အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေငြာတော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အီရန်နိုင်ငံတစ်နိုင်ငံလုံးတွင် ယင်းတော်လှန်ရေးနေ့ကို ကျင်းပခဲ့ကြပြီး တီဟီရန်မြို့တော် အဇာဒီ(လွတ်လပ်ရေး) ရင်ပြင်တွင်လည်း လူထောင်သောင်းပေါင်းများစွာစုစည်းခဲ့ကြသည့် အခမ်းအနားတွင် အမာဒီနီဂျက်က ပြောကြားခဲ့ ခြင်းဖြစ်သည်။
`လာမယ့် ရက်ပိုင်းအတွင်းမှာပဲ အီရန်နိုင်ငံရဲ့ နျူကလီးယားအရေးနဲ့ပတ်သက်ပြီး အလွန်အရေးကြီးတဲ့၊ အလွန်အချက်အချာကျတဲ့ ကြေငြာချက်တစ်ခု ကမ္ဘာကို ထုတ်ပြန်ကြေငြာတော့မှာ ဖြစ်ပါတယ်။´ ဟု အမာဒီနီဂျက် ကပြောကြားခဲ့ပြီး နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။

သမ္မတအမာဒီနီဂျက်သည် စင်မြင့်ပေါ်မှ မိန့်ခွန်းပြောကြားခဲ့ပြီး သူ၏ရှေ့တွင် လွန်ခဲ့သောဒီဇင်ဘာလအတွင်းက အမေရိကန် ရရှိခဲ့သော အမေရိကန်ဒရုန်းသူလျှိုလေယာဉ် ပုံစံတူတစ်ခုရှိသည်။

တက်ရောက်လာသူများကလည်း အီရန်နိုင်ငံတော်အလံများနှင့် အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ၏ ဓါတ်ပုံများကို ကိုင်ဆောင်ကာ အစ္စရေးလ်၊ အမေရိကန်ဆန့်ကျင်ရေးကြွေးကြော်သံများကို ကြွေးကြော်ကြ သည်။

၁၉၇၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က အမေရိကန်ကျောထောက်နောက်ခံပေးထားခဲ့သော ရှားဘုရင်ကို ဖြုတ်ချ ပြီး လူထုဆန္ဒခံယူပွဲကျင်းပကာ အယာတိုလာရူဟိုလာ ခိုမေနီ၏ ဦးဆောင်မှုဖြင့် အစ္စလာမ္မစ်သမ္မတနိုင်ငံတော်ကို ထူထောင်ခဲ့သည်။

ဂါဇာရှိ ဟားမားအဖွဲ့ ၀န်ကြီးချုပ် အစ္စမေးလ်ဟာနီယာကလည်း အမာဒီနီဂျက်ကိုထောက်ခံခဲ့ပြီး အစ္စရေးလ်အား ဆက်လက်ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုလိုက်သည်။
`အစ္စရေးလ်နဲ့ အမေရိကန်ဦးဆောင် အနောက်အုပ်စုတွေက အစ္စရေးလ်ရဲ့ကျူးကျော်မှုကို လက်ခံပြီး ခုခံမှု တွေ မပြုဖို့ လိုလားကြတယ်။ ဒါပေမယ့် ပါလက်စတိုင်းလူထုနဲ့ လွတ်လပ်မှုကို ရှာဖွေနေတဲ့ ကမ္ဘာသူ၊ ကမ္ဘာသားတွေကို ကိုယ်စားပြုထားတဲ့ကျွန်တော်တို့အနေနဲ့ အစ္စရေးလ်ကို လုံးဝလက်မခံပါဘူးလို့ ဟောဒီ တီဟီရန်မြို့ အဇာဒီရင်ပြင်ကနေ ကြေငြာလိုက်ပါတယ်။´ ဟု လူထုကြီးအား ဟာနီယာ ကပြောကြားခဲ့သည်။

`ဂျေရုစလင်အပါအ၀င် ပါလက်စတိုင်းနယ်မြေတွေအားလုံးပြန်ရပြီး ဒုက္ခသည်တွေအားလုံးအိမ်ပြန်လာနိုင်တဲ့ အချိန်အထိ ကျွန်တော်တို့ ဆက်လက်တွန်းလှန်သွားမှာဖြစ်ပါတယ်။´

အမေရိကန်ဦးဆောင် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုများနှင့် အစ္စရေးလ်၏ အီရန်နျူကလီးယား ဓါတ်ပေါင်းဖို များအား စစ်ရေးအရ အရေးယူဆောင်ရွက်ရန် ကြိမ်းဝါးနေမှုများဖြစ်ပွားနေစဉ်မှာပင် အီရန်က အန်တုမှုတစ်ခုအနေ နှင့် ဖမ်းမိအမေရိကန်ဒရုန်းလေယာဉ်ကို ဖေါ်ပြပြီး ဟာနီယာကို ဖိတ်ကြားမိန့်ခွန်းပြောကြားစေခဲ့ခြင်းဖြစ်သည်။

ခေါင်းဆောင်ကြီး အလာတိုယာအလီခါမေနီ၊ သမ္မတအမာဒီနီဂျက်နှင့် အခြားအီရန်အစိုးရပိုင်းပုဂ္ဂိုလ်များက နျူကလီးယား ပိုင်ဆိုင်မှုသည် ၎င်းတို့၏ အခွင့်အရေးတစ်ခုဖြစ်ပြီး စွန့်လွှတ်မည်မဟုတ်ကြောင်း၊ သို့သော် စစ်ဘက် ဆိုင်ရာ လက်နက်တစ်ခုအဖြစ်ထုတ်လုပ်ရန်မရည်ရွယ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ကြသည်။

သို့သော် အခြားတစ်ဖက်တွင်မူ အမေရိကန်နှင့် အနောက်အုပ်စုများက အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြံစည်နေကြောင်း စွပ်စွဲထားကြသည်။ ထို့ကြောင့် ၀ါရှင်တန်နှင့် ဥရောပသမဂ္ဂတို့က စီးပွားရေးပိတ် ဆို့အရေးယူမှုများ အရှိန်မြှင့်တင်ခဲ့ပြီး အီရန်နျူကလီးယား အစီအစဉ်ရပ်တန့်ပြီး အချိန်ကာလကြာမြင့်စွာရပ်ဆိုင်း ထားသော ဆွေးနွေးပွဲသို့ ပြန်လည်ရောက်ရှိလာရေး ကြိုးပမ်းလျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။