Monday, February 20, 2012

မက္ကဆီကို ထောင်တွင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၄၄ ဦးသေဆုံး


မက္ကဆီကို မြောက်ဘက် စက်မှုမြို့တော်မွန်တာရီမြို့စွန်ရှိ အကျဉ်းထောင်တွင်း အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ကြောင့် အကျဉ်းသား ၄၄ ဦးသေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

တနင်္ဂနွေနေ့က မွေ့ရာများကို မီးရှို့ရာမှစတင်ကာ ထောင်တွင်း ပြိုင်ဘက်ဂိုဏ်းနှစ်ဂိုဏ်းအချင်းချင်းခိုက်ရန်ဖြစ်ပွားကြ ရာတွင် ထိုးကြိတ်ခံရခြင်း၊ ဓါးဖြင့်ထိုးခံရခြင်း၊ ကျောက်တုံးများဖြင့် ထုနှက်ခံရခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ် ကြောင်း သိရသည်။

အယ်ဂျာဇီယာသတင်းထောက် အာဒမ်ရန်နီ မက္ကဆီကိုမြို့တော်မှ သတင်းပေးပို့ခဲ့ရာတွင် သေဆုံးသူများအပြင် နောက်ထပ် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းအတည်ပြုပြောကြားခဲ့သည်။
`တကယ့်အကြီးမားဆုံး အကျဉ်းထောင်အကြမ်းဖက်မှုတစ်ခုဖြစ်ပါတယ်။ ဘယ်လိုစဖြစ်တယ်ဆိုတာတော့ အသေအချာမသိရသေးပါဘူး။´ ဟု ဆို၏။

တာဝန်ရှိသူများက ရန်ပွဲစတင်ဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း နျူဗိုလီယွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပါဘလိုဂိုမက်ဇ်က ပြောသည်။ အကျဉ်းထောင်တွင် အကျဉ်းသား ၃,၀၀၀ ခန့်ရှိကြောင်း ပြည်နယ်အရာရှိတစ်ဦးဖြစ်သူ ဂျော့ဒိုမီနီက ပြောသည်။

မွန်တာရီမြို့သည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် နယ်စပ်မှ ၂၂၅ ကီလိုမီတာအကွာတွင်တည်ရှိပြီး မက္ကဆီကိုပင်လယ်ကွေ့ အမည်ရှိ မူးယစ်ဂိုဏ်းဝင်အကျဉ်းသားများနှင့် ဇီတာမူးယစ်ဂိုဏ်းဝင်အကျဉ်းသားများ ရှိသည်။ ယင်းဂိုဏ်းနှစ်ဂိုဏ်းကြား ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များဘက်မှ အတည်ပြုပြောကြားနိုင် ခြင်းမရှိသေးပေ။

အကျဉ်းထောင်ကို နံနက် ၆ နာရီခန့်တွင် ထိန်းသိမ်းနိုင်ခဲ့ပြီး စုံစမ်းမှုများဆက်လက်ပြုလုပ်နေကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူက မက္ကဆီကို သတင်းဌာနသို့ ပြောကြားခဲ့သည်။

အင်အားကြီး မူးယစ်ဂိုဏ်းများကြား မက္ကဆီကို-အမေရိကန်နယ်စပ်တစ်လျှောက်လမ်းကြောင်းကို ထိန်းချုပ်နိုင်ရေး အတွက် အပြိုင်အဆိုင်များရှိနေကြပြီး ရံဖန်ရံခါ ထောင်တွင်းရောက်ရှိသွားသည့်အထိ ဂိုဏ်းဝင် အကျဉ်းသားအချင်း ချင်း အငြှိုးအတေးရှိကြသည်။ မူးယစ်ဂိုဏ်းဝင် အကျဉ်းသားများကိုလည်း သာမန်ရာဇ၀တ်မှု အကျဉ်းသားများနှင့် အတူတူပင်ထားရှိလေသည်။

ဇန်န၀ါရီလအတွင်းကလည်း နိုင်ငံမြောက်ပိုင်း အခြားအကျဉ်းထောင်တစ်ခုတွင် အလားတူခိုက်ရန် ဖြစ်ပွားခဲ့ခြင်းကြောင့် အကျဉ်းသား ၃၁ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

သမ္မတ ဖိလစ်ပီကယ်လ်ဒီယွန်က မူးယစ်ဂိုဏ်းများအား အပြင်းအထန်နှိမ်နင်းလာခဲ့သည့် လွန်ခဲ့သော ၅ နှစ်ခန့်မှ စ၍ မက္ကဆီကိုတွင် မူးယစ်မှုနှင့် ဆက်စပ်၍ လူပေါင်း ၅၀,၀၀၀ ခန့် အသေအပျောက်ဖြစ်ခဲ့ပြီး ဖြစ်သည်။ အကျဉ်းသားဦးရေ အဆမတန်များပြားလွန်းပြီး အကျဉ်းထောင်များချို့တဲ့မှုများကြောင့် အကျင့်ပျက်ခြစားမှုများ၊ အကျဉ်းသားအများအပြားလွတ်မြောက်ထွက်ပြေးမှုများလည်း ဖြစ်ပွားလျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။