Tuesday, February 21, 2012

အီရန်နျူကလီးယား အရေးဆွေးနွေးရန် ကိုယ်စားလှယ်တစ်ဦး ရောက်ရှိ


အီရန်နိုင်ငံ နျူကလီးယားအစီအစဉ်နှင့် စပ်လျဉ်း၍ပြောဆိုဆွေးနွေးရန် ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ မှ ကိုယ်စားလှယ်တစ်ဦး တနင်္လာနေ့က အီရန်သို့ရောက်ရှိခဲ့သည်။
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ လက်ထောက်ဒါရိုက်တာ ဟာမန်နက်ကာအက် ဖြစ်ပြီး နောက်ထပ်အဖွဲ့ဝင်ငါးဦး ဗီယင်နာလေဆိပ်တွင် ထွက်ခွါရန်ပြင်ဆင်နေကြောင်း ဆိုသည်။
အီရန်၏ စစ်ရေးရည်ရွယ်ချက်ဖြင့် နျူကလီးယားလက်နက် မထုတ်လုပ်ရေးအပေါ် ပြောဆိုဆွေးနွေးမည်ဖြစ်ကြောင်း၊ အီရန်တာဝန်ရှိသူများနှင့် ခိုင်မာသော သဘောတူညီချက်များရရှိလိုကြောင်း ဆိုသည်။

နှစ်ရက်ကြာ ပြောဆိုဆွေးနွေးနေမှုများကို အနောက်နိုင်ငံသံတမန်အုပ်စုများက အားရကျေနပ်မှုမရှိသော်လည်း အချိန်ကာလကြာမြင့်စွာ အငြင်းပွားနေသော နျူကလီးယားအရေးအတွက် သံတမန်နည်းလမ်းပေါ်ပေါက်လာနိုင်သည့် အခွင့်အလမ်းများရှိနေသည်။

နျူကလီးယားလက်နက်ထုတ်လုပ်ရန် မရည်ရွယ်ကြောင်း၊ အရပ်ဘက်သုံးရန်သာဖြစ်ကြောင်း အီရန်က ပြောဆိုနေ ပြီး နျူကလီးယားသန့်စင်မှု မရပ်တန့်နိုင်ကြောင်းပြောဆိုနေသဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပွားလျက်ရှိသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက္ကဘာဆာလီဟီက အီရန်အစိုးရသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် စကားပြော ဆိုဆွေးနွေးရန် အသင့်ရှိကြောင်း ဆိုသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းက အီစတန်ဘူဆွေးနွေးပွဲပျက်ပြား သွားခဲ့ရပြီး ဥရောပသမဂ္ဂမှ ဆွေးနွေးပွဲများပြန်လည်ပြုလုပ်ရန် အလားအလာရှိသည်ဟု အီရန်ကပြောဆိုခဲ့သည်။
`နှစ်ဘက်စလုံးအတွက် အကောင်းဘက်ကိုရောက်ရှိနိုင်တဲ့ အဖြေတစ်ရပ်ထုတ်နိုင်ဖို့ နည်းလမ်းတွေ ကျွန်တော်တို့ရှာဖွေနေပါတယ်။´ ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပြီး `အဆိုးဆုံး အခြေအနေ´ အတွက်လည်း ပြင်ဆင်ထားကြောင်း ဆိုသည်။

အီရန်က ဟော်မျုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် ခြိမ်းခြောက်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂက အီရန်ရေနံကို ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်ခဲ့သဖြင့် တင်းမာမှုများတိုးပွားလာလျက်ရှိသည်။

ပိတ်ဆို့ဒဏ်ခတ်မှုများကို ပြင်းထန်စွာပြန်လည်တုံ့ပြန်သွားမည်ဟု အီရန်က တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး ပြင်သစ် နှင့် ဗြိတိန်သို့ရေနံတင်သွင်းမှုကို ရပ်ဆိုင်းမည်ဟု ဆိုသည်။
`ဗြိတိန်နဲ့ ပြင်သစ်ကုမ္ပဏီတွေကို ရေနံတင်သွင်းမှုတွေကို ရပ်ဆိုင်းလိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ရေနံတွေကို ဖေါက်သည်အသစ်တွေဆီကို ရောင်းချသွားပါမယ်။´ ဟု ရေနံဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အလီရီဇာနစ်ဇက်က ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍အီရန်မှ ရေနံစိမ်းတင်သွင်းမှုကို ရပ်ဆိုင်းပြီး အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်ကြောင်း ဇန်န၀ါရီလအတွင်းက ဥရောပသမဂ္ဂမှ ဆုံးဖြတ်ခဲ့သည်။
အီရန်ထံမှ ရေနံစိမ်းမရလျှင်လည်း ပြဿနာမရှိကြောင်း၊ ရက်ပေါင်း ၁၂၀ အတွင်း ဈေးကွက်အတွင်း မိမိတို့ လိုအပ် သောရေနံကို ရှာဖွေနိုင်ကြောင်း ဥရောပသမဂ္ဂက လွန်ခဲ့သော အပတ်က ပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂသို့ ဆော်ဒီအာရေးဗျမှ ရေနံအပိုရောင်းချပေးရန်ပြင်လျက်ရှိသည်ဟု ပြောဆိုလိုက်ခြင်းကြောင့် အီရန်က ဆော်ဒီ ဘုရင် ရီယာ့ဒ်ကို ဝေဖန်ခဲ့သည်။ မိမိတို့၏ ရေနံကို ပိတ်ပင်လိုက်ခြင်းအားဖြင့် မိမိတို့တွင် ပြဿနာမရှိကြောင်း၊ ကမ္ဘာ့ရေနံဈေးတက်သွားမည်သာဖြစ်ကြောင်း အီရန်က သတိပေးပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။