Friday, February 24, 2012

ဆီးရီးယားအရေးအတွက် ကိုဖီအာနန်ကို ကိုယ်စားလှယ်ခန့်အပ်


ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်မှုများအရှိန်ဆက်လက်မြင့်တက်နေပြီး အစိုးရနှင့် အတိုက်အခံများကြား စေ့စပ်ဆွေးနွေးနိုင်ရေးအတွက် တူနီးရှားတွင် ကမ္ဘာ့နိုင်ငံများစုစည်းကာ `ဆီးရီးယား၏ မိတ်ဆွေများ´ ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။ ထိုအစည်းအဝေးမှတစ်ဆင့် ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့က ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ကို ဆီးရီးယားသို့ ကိုယ်စားလှယ်အဖြစ်စေလွှတ်ရန် ခန့်အပ်လိုက်သည်။

ကိုဖီအာနန်က `ဆီးရီးယားအကြပ်အတည်းအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရရှိရေး၊ အကြမ်းဖက်မှု တွေ အဆုံးသတ်ရေးအတွက် သက်ဆိုင်တဲ့ အဖက်ဖက်က အဖွဲ့အစည်းတွေ အပြည့်အ၀ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်။´ ဟု သောကြာနေ့က ပြောကြားခဲ့သည်။

လက်ရှိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အာရပ်အဖွဲ့ချုပ် ဥက္ကဋ္ဌ နဘီးလ်အယ်လ်-အာရဘီ တို့က ဆီးရီးယားတွင် အစိုးရနှင့် အတိုက်အခံများကြား အပြုသဘောဆောင်သော ပြောဆိုဆွေးနွေးမှုများဖြစ်ပေါ် နှင့် ပြည့်စုံသော နိုင်ငံရေးအဖြေတစ်ရပ် ပေါ်ပေါက်ရေးအတွက် ကိုဖီအာနန်ကို တာဝန်ပေးလိုက်ကြောင်း ပြောသည်။

ဂါနာနိုင်ငံသားဖြစ်သော ကိုဖီအာနန်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်စဉ်က ၂၀၀၈ ခုနှစ်အတွင်းက ကင်ညာတွင် ရွေးကောက်ပွဲအကြိုတင်းမာမှုများကို ပြေလျှော့စေခဲ့ပြီး အာဏာခွဲဝေရေး ငြိမ်းချမ်းစွာကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၁၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သည်။

ကုလသမဂ္ဂတွင် ရုရှနှင့် တရုတ်တို့က ဗီတိုအာဏာသုံးစွဲကာ ဆီးရီးယားကို အရေးယူရေးဆုံးဖြတ်ချက်များကို ပယ်ချခဲ့သဖြင့် အခက်အခဲတွေ့လျက်ရှိပြီး လွန်ခဲ့သောအပတ်က ကျင်းပသော အထွေထွေညီလာခံတွင် ဆီးရီးယား တွင် အကြမ်းဖက်မှုများဆက်လက်မြင့်တက်နေသဖြင့် အရေးယူရန် တစ်ခဲနက်မဲပေးခဲ့ကြပြန်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။