Monday, February 27, 2012

လော့ကာဘီဗုံးခွဲမှု တရားခံမှားယွင်းစွပ်စွဲခံခဲ့ရခြင်းဖြစ်ရပ်

မဂ္ဂရာဟီ

လော့ကာဘီဗုံးခွဲမှုနှင့် ပတ်သက်၍ သိပ္ပံနည်းကျရှာဖွေတွေ့ရှိသော သက်သေအထောက်အထားသစ်များထွက်ပေါ်လာ ပြီး စကော့တလန်တွင် တရားရေးဆိုင်ရာ ပြန်လည်လေ့လာသုံးသပ်မှုများပြုလုပ်ခဲ့သည်။

စကော့တလန်ရာဇ၀တ်မှုပြန်လည်သုံးသပ်ရေးကော်မစ်ရှင် (SCCRC) မှ သက်သေအထောက်အထားအသေးစိတ်များ ဖြင့် အစီရင်ခံစာတစ်စောင် ရေးသားပြုစုခဲ့ပြီး ၁၉၈၈ ခုနှစ်အတွင်းက အမေရိကန် ပန်အမ်လေကြောင်းလိုင်း လေယာဉ်အမှတ်၁၀၃ ဗုံးဖေါက်ခွဲမှုဖြင့် ဖမ်းဆီး အရေးယူခဲ့သော လစ်ဗျားနိုင်ငံသားအဘ္ဘဒယ်လ်ဘာဆက်အယ် မဂ္ဂရာဟီတွင် အပြစ်မရှိကြောင်း တွေ့ရှိခဲ့သည်။

လော့ကာဘီအမှုတွင် အဓိကအရေးအပါဆုံး လူသက်သေမှာ မော်လတာနိုင်ငံမှ ဈေးဆိုင်ပိုင်ရှင် တော်နီဂူစီဖြစ်ပြီး SCCR တွင် သက်သေထွက်ဆိုခဲ့သူဖြစ်သည်။ ဂူစီက မဂ္ဂရာဟီသည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့က သူ့ဆိုင်မှ အ၀တ်အစားများနှင့် ထီးတစ်ချောင်းဝယ်ယူသွားသူဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ယင်းဝယ်ယူသွားသော ပစ္စည်းများ ၏ အပျက်အစီး အပိုင်းအစများကို လေယာဉ်ပျံပျက်ကျခဲ့သည့် နေရာတွင် တွေ့ရှိခဲ့ရသည်။

ထိုစဉ်က ဂူစီထွက်ဆိုသော သက်သေခံချက်နှင့် အတူ SCCRC မှ အခြားစဉ်းစားဖွယ်ရာအချက်များစွာရှိလာခဲ့သည်။ ထိုနေ့ထိုအချိန်က မဂ္ဂရာဟီသည် မော်လတာသို့ရောက်ရှိနေပြီး ယင်းပစ္စည်းများကို ၀ယ်ယူခဲ့သည် ဖြစ်မည်ဟု ကောက်ချက်ချခဲ့လေသည်။

ယခုထွက်ရှိလာသော အစီရင်ခံစာတွင် ဂူစီက မဂ္ဂရာဟီကို လက်ညှိုးထိုးခဲ့ခြင်းနှင့် ပတ်သက်၍ တရားရေးအရ လူပုဂ္ဂိုလ်တစ်ဦးအား မည်သူမည်ဝါဖြစ်ကြောင်း ဖေါ်ထုတ်ခြင်းနှင့် ပတ်သက်၍ အမှားအယွင်းရှိခဲ့ကြောင်း ဖေါ်ပြထား သည်။ ဂူစီသည် မဂ္ဂရာဟီကို မဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်အတွင်း ဓါတ်ပုံတွေ့ရှိခဲ့ပြီး လွန်ခဲ့သော အပတ်များက သူ့ထံမှပစ္စည်းဝယ်ယူသွားသော မသင်္ကာဖွယ်ရာလူပုဂ္ဂိုလ်ဖြစ်မည်ဟု ကောက်ချက်ချခဲ့ကြောင်း ကော်မစ်ရှင်က တွေ့ရှိခဲ့လေသည်။

ထို့ပြင် ဂူစီသည် သက်သေလိုက်ခြင်းကြောင့် ရရှိလာနိုင်ဖွယ်ရှိသည့် ဆုကြေးငွေတစ်စုံတစ်ရာကို မျှော်လင့်ထား ကြောင်းကိုထိုအချိန်က ရဲများက သိရှိခဲ့ကြောင်း ကော်မစ်ရှင်က ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ဂူစီက ယင်းမျှော်လင့်ချက် ထားရှိမှုကို ထုတ်ဖေါ်ပြသခြင်းမပြုခဲ့ပေ။
ထို့နောက် ဂူစီသည် အမေရိကန်အစိုးရထံမှ ချီးမြှင့်သော ဆုကြေးငွေ အမေရိကန်ဒေါ်လာ နှစ်သန်းကို ရရှိခဲ့ကြောင်း သိရသည်။ စကော့တလန်ဥပဒေအရ သက်သေတစ်စုံတစ်ယောက်ကို သက်သေထွက်ဆိုပေးခြင်း အတွက် ဆုကြေး၊ သို့မဟုတ် အခကြေးငွေ ပေး၍မရပေ။

၂၀၀၉ ခုနှစ်က ပြန်လည်လွတ်မြောက်လာစဉ်



သိပ္ပံနည်းကျ သက်သေအထောက်အထားများအရ ထိုစဉ်ကမှုခင်းဆေးသိပ္ပံအရ မဂ္ဂရာဟီဖြစ်သည်ဟူသော အချက်များကို လည်း ပယ်ဖျက်နိုင်ပြီဖြစ်သည်။
မဂ္ဂရာဟီသည် အသည်းအသန်ဖျားနာနေခဲ့သောကြောင့် ၂၀၀၉ ခုနှစ်တွင်စကော့တလန်အာဏာပိုင်များက လူသား ချင်းစာနာထောက်ထားမှုရှုထောင့်မှ နေ၍ လွှတ်ပေးခဲ့ပြီး လစ်ဗျားသို့ပြန်စေခဲ့သည်။ အယ်ဂျာဇီယာ မှတ်တမ်းအဖွဲ့က မဂ္ဂရာဟီအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ဂူစီ၏ ဆိုင်သို့ သူတစ်ကြိမ်တစ်ခါမှ မရောက်ဖူးကြောင်း ပြော၏။
` ကျွန်တော့်မှာ သူ့ကိုတွေ့နိုင်တဲ့ အခွင့်အရေးရှိရင် တွေ့ချင်ပါသေးတယ်။ သူ့ကို ကျွန်တော်ခွင့်လွှတ်ပါတယ်။ မင်းရဲ့ဆိုင်ကို ငါ့တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမရောက်ဖူးဘူး။ ဘာမှလည်း မ၀ယ်ဖူးဘူးကွ လို့ ပြောပြချင်ပါသေး တယ်။ မင်းကတော့ ငါ့ကို အမှားမှားအယွင်းယွင်းတွေ စွပ်စွဲခဲ့တယ်ကွ။ အဲဒီလိုပြောချင်တယ်။ သူ့ကို တရားရုံးထဲ ရောက်မှ မြင်ဖူးတာပါ။ သူက အင်မတန်ရိုးသားတဲ့လူတစ်ယောက်ပဲလို့ ကျွန်တော်မြင်ပါတယ်။´ ဟု မဂ္ဂရာဟီက ပြောလေသည်။

မဂ္ဂရာဟီ၏ အကျိုးဆောင်ရှေ့နေအဖွဲ့တွင် ပါဝင်ခဲ့ပြီး အမှုကို အနှစ်နှစ်ဆယ်နီးပါး လိုက်လံစုံစမ်းနေခဲ့သူ ဂျွန်အက်ရှ်တွန်က
`လော့ကာဘီလေယာဉ်ပျက်ကျမှုက ဥရောပမှာ အဆိုးဝါးဆုံး အကြမ်းဖက်မှုဖြစ်ပါတယ်။ ၉/၁၁ မတိုင်မီ အကြမ်းဖက်မှုတွေထဲက အမေရိကန်တွေ အသေအပျောက်အများဆုံး အကြမ်းဖက်မှုဖြစ်ပါတယ်။ ပြီးတော့ ဗြိတိန်ရဲ့ အဆိုးရွားဆုံး မှားယွင်းစီရင်မှုဖြစ်ပါတယ်။ မဟုတ်တဲ့လူက ခံခဲ့ရပြီးတော့ တရားခံအစစ်ကတော့လွတ်မြောက်နေဆဲ ပါ။´ဟု ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။