Sunday, February 5, 2012

ဆီးရီးယားအရေး ရုရှ၊ တရုတ် ဗီတို ထပ်သုံး

ဆီးရီးယားစစ်တပ်လက်ချက်ဖြင့် သေဆုံးသူများ

အနောက်နှင့် အာရပ်နိုင်ငံများက လုံခြုံရေးကောင်စီတွင် တင်သွင်းသည့် ဆီးရီးယားအပေါ်အရေးယူရန် ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှက ဗီတိုအာဏာသုံးကာ ပယ်ချလိုက်သည်။

ဟုမ်းစ်မြို့တွင် ဆီးရီးယားစစ်တပ်က တစ်ညတည်းမှာပင် လူပေါင်း နှစ်ဆယ်ကျော်သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီက ပြစ်တင်ရှုံ့ချကာ အရေးယူရန်ကိစ္စကို ရုရှနှင့် တရုတ်တို့က စနေနေ့က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ခြင်းဖြစ်သည်။

ဥရောပနှင့် အာရပ်နိုင်ငံများက ဦးဆောင်တင်သွင်းသည့် ဆုံးဖြတ်ချက်ကို ဆယ်သုံးနိုင်ငံက ထောက်ခံခဲ့ကြသည်။ ဆီးရီးယားတွင် ၂၀၁၁ မတ်လမှ စတင်ကာ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် လူပေါင်းထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ယင်းကိုရပ်တန့်နိုင်စေရန် အာရပ်အဖွဲ့ချုပ်၏ အရေးယူဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ ကျောထောက်နောက်ခံပေးရေး အဆိုကိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ဆီးရီးယား အစိုးရနှင့် အတိုက်အခံများကြားတွင် မမျှမတဆုံးဖြတ်ချက်ဖြစ်ခြင်းကြောင့် ဗီတိုအာဏာသုံးစွဲပိတ်ပင်ခဲ့ ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ် ဗစ်တလီချာကင်က ဆိုသည်။ အတိုက်အခံများအာဏာရရှိအောင်၊ အစိုးရအပြောင်းအလဲဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်သည့် ဆုံးဖြတ်ချက်ဖြစ် သည်ဟု ချာကင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် လီဘောင်ဒွန်ကမူ ဆီးရီးယားကို အရေးယူခြင်းမပြုမီ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။
`အခုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတွေကြားသဘောထားတွေ ကွဲလွဲနေသေးတဲ့အတွက် လုံခြုံရေးကောင်စီရဲ့ ညီညွတ်မှုနဲ့ သြဇာအာဏာကို တည်ဆောက်လို့ မရနိုင်တဲ့အပြင် ပြဿနာကို ပြေလည်အောင်ရှင်းနိုင်မှာလည်း မဟုတ်ပါဘူး။´ ဟု ဆိုသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။