Saturday, February 4, 2012

ခမာနီဟောင်း တစ်ဦးကို ပြစ်ဒဏ်ချမှတ်


လူပေါင်း ၁၅,၀၀၀ ခန့်သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် တာဝန်ရှိသူအဖြစ် တရားစွဲဆိုခြင်းခံထားရသော ခမာနီဟောင်း အကျဉ်းထောင်ဦးစီးတစ်ဦးဖြစ်ခဲ့သူ ခိုင်ဂူအက်အာ့ဗ်ကို ကုလသမဂ္ဂကျောထောက်နောက်ခံ ကမ္ဗောဒီးယားနောက်ဆုံး အယူခံတရားရုံးက ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။
`သူ့ကို တရားရုံးချုပ်က ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ပါတယ်။´ ဟု တရားရုံး၏ တရားသူကြီးအဖွဲ့ဝင် ခွန်ဆရင်မ်က သောကြာနေ့က ပြောသည်။

ခိုင်ဂူအက်အာ့ဗ် ခေါ် ဒုခ်ျ ကို ၁၉၇၀ ခုနှစ်များအတွင်းကနာမည်ကျော် S-21 အကျဉ်းထောင်တွင် လူသားမျိုးနွယ် အပေါ်ကျူးလွန်သောရာဇ၀တ်မှု ၊ စစ်ရာဇ၀တ် မှု ၊ လူထောင်ပေါင်းများစွာကို ညှဉ်းပမ်းသတ်ဖြတ်မှုများဖြင့် ၂၀၁၀ ခုနှစ်က ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခဲ့သည်။
`ဒုခ်ျ ကျူးလွန်ခဲ့တဲ့အမှုတွေက လူ့သမိုင်းမှာ အဆိုးဝါးဆုံးအဖြစ်အပျက်တစ်ခုအဖြစ် ရှိနေတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဖြစ်နိုင်သမျှ အမြင့်ဆုံးပြစ်ဒဏ်တွေနဲ့ ထိုက်တန်ပါတယ်။´ ဟု ခွန်ဆရင်မ်က ဆိုသည်။
၁၉၉၈ ခုနှစ်အတွင်းက သေဆုံးသွားခဲ့သော ပိုပေါ့ခေါင်းဆောင်ခမာနီ အစိုးရသည် ကမ္ဗောဒီးယား လူသတ်ကွင်း ဟု နာမည်ကြီးသော ရာဇ၀တ်မှုတွင်တာဝန်ရှိသူများဖြစ်သည်။ ယင်းဖြစ်စဉ်အတွင်း ကမ္ဗောဒီးယားလူမျိုး လေးပုံတစ်ပုံခန့် ငတ်မွတ်ခေါင်းပါးခြင်း၊ အလုပ်အလွန်အကျွံခိုင်းစေခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းများကြောင့် သေဆုံးခဲ့ရသည်။
ဒုခ်ျ အပေါ်ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရားဥပဒေနှင့်မညီကြောင်း အမှုကိုလေ့လာစောင့်ကြည့်နေသူ လူ့အခွင့်အရေးရှေ့နေ ကလဲယားဒပ်ဖီက ဆိုသည်။
`သူ့ကို ကမ္ဗောဒီယားစစ်အစိုးရက ရှစ်နှစ်ကြာ ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ရာဇ၀တ်တရားရုံးက ကျခံရမယ့် ထောင်ဒဏ်တွေထဲကနေ ငါးနှစ် လျှော့ပေါ့ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုအယူခံရုံး က အဲဒီစီရင်ချက်ကို ပယ်ဖျက်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။´ ဟု သူမကဆိုသည်။
`အမှန်ဆို တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေက နိုင်ငံတကာအဆင့်နဲ့ အညီဖြစ်သင့်ပါတယ်။ ပြီးတော့ ကမ္ဗောဒီးယားပြည်သူတွေကနေပြီးတော့ သူ့ကို ဒီရုံးကိုတင်လိုက်တာ မဟုတ်ပါဘူး။ လူထုရဲ့လိုလားချက်နဲ့ မကိုက် ညီတဲ့ တရားသူကြီးတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။´

အယ်ဂျာဇီယာသတင်းထောက် စတက်ဖနီစကာဝမ်က ဖနွမ်းပင်မြို့တရားရုံးအပြင်မှနေ၍ သတင်းပေးပို့ခဲ့ရာ S-21 အကျဉ်းထောင်တွင်း နှိပ်စက်ညှဉ်းပမ်းမှုများကို ရှင်းပြခဲ့သည်။
`သွေးထွက်သံယိုဖြစ်ရပ်တွေကတော့ အဲဒီမှာ ပုံမှန်ဖြစ်ခဲ့ပါတယ်။ အကျဉ်းသားတွေကို လက်ပြန်ကြိုးတုပ် ပြီး ထုပ်တန်းမှာ တွဲလောင်းချည်ပြီး ညှဉ်းပမ်းနှိပ်စက်ပါတယ်။ သတိမေ့သွားတဲ့သူကို ရေနဲ့ပက်ပြီး ပြန်သတိရအောင် လုပ်တယ်။ ပြီးတော့ ထပ်ပြီးညှဉ်းပမ်းတယ်။ အင်မတန်ရက်စက်တဲ့ အစိုးရပါပဲ။´ ဟု ခမာနီအကျဉ်းထောင်နှိပ်စက် ညှဉ်းပမ်းမှုအချို့ကို ပြောပြခဲ့သည်။
`ဒုခ်ျ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေအပေါ်မှာတရားရုံးက အတော်လေး အသားပေးပြီး စဉ်းစားပြောဆိုခဲ့ပါတယ်။´ ဟု သတင်းထောက်က သတင်းပေးပို့ခဲ့သည်။

S-21 အကျဉ်းထောင်ကို တူအိုဆလန်းဟုလည်း လူသိများပြီး ခမာနီအစိုးရ၏ လုံခြုံရေးဆိုင်ရာဌာနတစ်ခုဖြစ်ခဲ့သည်။ ထိုအကျဉ်းထောင်မှ အကျဉ်းသားထောင်ပေါင်းများစွကို ခေါ်ထုတ်လာပြီး အနီးရှိကွင်းအတွင်း သုတ်သင်သတ်ဖြတ် လေ့ရှိသောကြောင့် `လူသတ်ကွင်း´ ဟု ထင်ရှားခဲ့သည်။

ဒုခ်ျသည် အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး နိုင်ငံတကာတရားစီရင်ရေးရှေ့မှောက်သို့ ပထမဆုံးရောက်လာသော ခမာနီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထို့နောက် လူပေါင်း နှစ်သန်းခန့် သတ်ဖြတ်ခဲ့သော အလွန်ရက်စက်သော အစိုးရအား ထိတ်လန့်တုန်လှုပ်မှုများ ကျန်ရှိနေသေးပြီး ဒုခ်ျအမှုကို တစ်နိုင်ငံလုံးက စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေခဲ့ကြ သည်။

သူ့အမှုကို ကိုးလကြာစစ်ဆေးခဲ့ရာတွင် ဒုခ်ျက S-21 အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်ခဲ့ရသည့်အတွက် တောင်းပန်ပါကြောင်း ပြောဆိုခဲ့သည်။ သို့သော် သူ့ကိုတရားသေလွှတ်ပေးရန် တောင်းဆိုခဲ့သည့်အတွက် တရားသူ ကြီးများပင် အံ့အားသင့်ခဲ့ရသည်။
ထိုစဉ်အချိန်များက သူ့အသက်နှင့်ကိုယ်မြဲနေစေရန်သာ အမိန့်နှင့်ညွှန်ကြားမှုများကိုတသွေမတိမ်းလိုက်နာဆောင်ရွက် ခဲ့ရခြင်းဖြစ်ကြောင်း လျှောက်လဲခဲ့ပြီး သူ့ရှေ့နေများကလည်း မိမိတို့အမှုသည်မှာ အမိန့်အတိုင်းဆောင်ရွက်ရသော အဆင့်နိမ့် အရာရှိတစ်ဦးသာဖြစ်ခဲ့သဖြင့် လွှတ်ပေးသင့်ကြောင်း လျှောက်လဲကြသည်။
တရားသေလွှတ်ပေးရန် တောင်းဆိုချက်ကိုကြည့်ခြင်းအားဖြင့် ဒုခ်ျသည် သူကျူးလွန်ခဲ့သော ပြစ်မှုများအတွက် နောင်တရသည့် ပုံစံမရှိကြောင်း၊ ထို့နောက် ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ကြောင်း၊ သို့သော် ယခင်က တရားမ၀င်ဖမ်းဆီးထားခြင်းခံခဲ့ရသည်ကို သက်ညှာသောအားဖြင့် ထောင်ဒဏ် ၄၅ နှစ် သတ်မှတ်လိုက်ကြောင်း အစိုးရ တရားစီရင်ရေးအဖွဲ့က ဆိုသည်။

ဒုခ်ျကို ၁၉၉၉ ခုနှစ်က ကမ္ဗောဒီးယားတောအုပ်အတွင်း ခရစ်ယာန် အကူအညီပေးရေးလုပ်သားတစ်ဦးအဖြစ် အလုပ် လုပ်နေစဉ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင်မှ တရားစီရင်ရေးအဇွဲ့ ရှေ့မှောက်သို့ရောက်ရှိလာခဲ့ခြင်းဖြစ် သည်။

သူ့အပြင် နောက်ထပ် သက်ရှိထင်ရှားရှိနေသော ခမာနီခေါင်းဆောင်ဟောင်း သုံးဦးကိုလည်းလွန်ခဲ့သောနှစ်က ဖမ်းဆီးနိုင်ခဲ့ပြီး တရားစီရင်နိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိသည်။ ၎င်းတို့သုံးဦးမှာ အသက် ရှစ်ဆယ်ဝန်းကျင် ရှိပြီဖြစ်ပြီး အမှုစီရင်ချက်ကို ကြားနာရမည်ဖြစ်သည်။

အသက် ၈၅ နှစ်ရှိ သဘောတရားရေးရာခမာနီခေါင်းဆောင် နူအွန်ချီအာ၊ အသက် ၈၀ ရှိ ဒုတိယဗိုလ်မှူးကြီး ခိုင်အူဆမ်ဖန်း၊ အသက် ၈၆ နှစ်ရှိ ခမာနီနိုင်ငံခြားရေးဝန်ကြီး လန်းဆာရီ တို့ဖြစ်ကြသည်။

သူတို့ကို လူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇ၀တ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ ဘာသာရေးအရ ဖိနှိပ်မှု၊ လူသတ်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။