Monday, February 13, 2012

အီရန် အသေခံဗုံးခွဲရေယာဉ်များပင်လယ်ကွေ့တွင်းချထားမည်


အသေခံဗုံးခွဲတိုက်ခိုက်နိုင်သည့် သင်္ဘောများအီရန်တွင် တည်ဆောက်ထားကြောင်း ဆိုသည်။ သို့သော် အမေရိကန် ဒေသတွင်းရေတပ် တပ်မှူးက ဟောမျုဇ်ရေလက်ကြားကို အီရန်ကပိတ်ဆို့မှုမပြုနိုင်အောင် မိမိတို့ကာကွယ်ထားနိုင် ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

မိမိတို့ရေနံတင်ပို့မှုကို ပိတ်ပစ်ခြင်း၊ သို့မဟုတ် နျူကလီးယားစက်ရုံးများကို တိုက်ခိုက်ခြင်းများပြုလုပ်လာပါက အမေရိကန်စစ်တပ်များကို ပြန်လည်တိုက်ခိုက်ရန် အီရန်က ခြိမ်းခြောက်ပြောဆိုမှု များပြုလုပ်လျက်ရှိသည်။

`ရေငုပ်သင်္ဘောတွေ၊ အမြန်တိုက်ခိုက်နိုင်တဲ့ရေတပ်ယာဉ်တွေ သူတို့တိုးချဲ့ထားပါတယ်။ အချို့သင်္ဘောငယ် တွေမှာ လက်နက်တွေ အပြည့်အစုံတပ်ဆင်ထားပြီး ဖေါက်ခွဲရေးပစ္စည်းတွေနဲ့ သင်္ဘောကိုပါ ဖေါက်ခွဲပစ်ပြီး တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အီရန်မှာ မိုင်းတွေ အကြီးအကျယ်တီထွင်နေကြပါတယ်။´ ဟု ဒုတိယရေပ်ဗိုလ်ချုပ် မာ့ခ်ဖေါက်စ်က ရိုက်တာသတင်းသို့ ပြောပြသည်။
`သူတို့ရဲ့ တာတို၊ တာလတ်၊ တာရှည်ပစ် အစရှိတဲ့ တိုက်ချင်းပစ်ဒုံးပျံတွေ တိုးချဲ့တပ်ဆင်နေတာ၊ နျူကလီးယားလုပ်ငန်း ချဲ့ထွင်နေတာတွေကို ကျွန်တော်တို့လည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါတယ်။´
ဘာရိန်းအခြေစိုက် အမှတ် ၅ အမေရိကန်ရေတပ်မတော်ကို ဦးစီးနေသော ဖောက်စ်က ပြောသည်။
အီရန်တွင် ယခုအခါ အသေးစား ရေငုပ်သင်္ဘော ၁၀ စင်းရှိနေပြီဖြစ်ကြောင်းလည်း ဆိုသည်။

အမေရိကန် အမှတ် ၅ ရေတပ်မတော်တွင် အနည်းဆုံး လေယာဉ်တင်သင်္ဘောတစ်စင်းနှင့် ဂျက်လေယာဉ်များ၊ အပေါ့စားတိုက်ရေယာဉ်များ၊ ဖျက်သင်္ဘောများစသည်တို့ဖြင့် ၀န်းရံထားပြီး အီရန်ရေတပ်မတော်ထက် အင်အားကြီး မားကြောင်း စစ်ဘက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

သို့သော် ၁၉၉၆ ခုနှစ်က အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို အယ်လ်ကေဒါအသေခံဗုံးခွဲသမားများလိုက်ပါမောင်း နှင်လာသော သင်္ဘောငယ်တစ်စင်းက အသေခံဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်ကို ကြည့်၍ မိမိတို့၏ တိုက်သင်္ဘောကြီးများကို ရန်သူက သင်္ဘောငယ်လေးများဖြင့် အသေခံဗုံးခွဲတိုက်ခိုက်လာမည့် အရေးကို အမေရိကန် က ပူပန်လျက်ရှိသည်။

`ကျွန်တော်တို့ကို တကယ်ပဲ အီရန်က ဒုက္ခရောက်အောင်လုပ်နိုင်သလားလို့ မေးလာရင် လုပ်နိုင်လိမ့်မယ် လို့ပဲ ကျွန်တော်ပြောရမှာပဲ။ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ဘူးဆိုရင် သူတို့ ရေလက်ကြားကို ပိတ်ပစ်လိုက်နိုင်ပါတယ်။ အဲဒီအခါ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ဆိုတာ ကျွန်တော် မပြောတတ်ပါဘူး။´ ဟု ဖေါက်စ်ပြော၍ သံတမန်ညှိနှိုင်းမှုဖြင့် ပြဿနာကို ပြေလည်အောင် ဖြေရှင်းသင့်ကြောင်း ဆိုသည်။

`အီရန်ဘက်က ပြောနေတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေအရ ကျွန်တော်တို့အနေနဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းခြင်းသာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်တစ်ထစ်ချယုံကြည်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သတိရှိရှိနဲ့ ပြင်ဆင်ထားတာပါပဲ။´

အီရန်သင်္ဘောသားများကို အမေရိကန်ရေတပ်က ပင်လယ်ဓါးပြများလက်မှ ကယ်တင်နိုင်ခဲ့သည့် ဖြစ်ရပ်ကို အကြောင်းပြု၍ အီရန်နှင့် အမေရိကန်ရေတပ်များကြား ပြောဆိုဆက်သွယ်မှုများရှိကြောင်း ဖေါက်စ်က ဆိုသည်။
ဖေါက်စ်သည် အမှတ် ၅ ရေတပ်မတော်ကို ဦးစီးနေရုံသာမက ပင်လယ်ကွေ့ရေကြောင်းလမ်း အတားအဆီးမရှိရေး အတွက်တာဝန်ယူထားရသော နိုင်ငံတကာရေတပ်ကိုလည်း ဦးဆောင်သူတစ်ဦးဖြစ်သည်။ ယင်းနိုင်ငံတကာရေတပ် တွင် အမေရိကန်က အင်အားအများဆုံးပါဝင်ပြီး အနောက်နိုင်ငံအချို့နှင့် အာရပ်နိုင်ငံအချို့မှ ရေတပ်မတော်များ လည်း ပါဝင်သည်။

လွန်ခဲ့သောလက ဥရောပသမဂ္ဂမှ အီရန်ရေနံတင်သွင်းမှုကို အရေးယူပိတ်ပင်ဆောင်ရွက်မှုစတင်ခဲ့ပြီး ဇူလိုင် ၁ ရက်နေ့တွင် လုံးဝရပ်ဆိုင်းပစ်ရတော့မည်ဖြစ်သည်။ အီရန်နိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများအတွက် အရေးပါသော ငွေပေးချေမှုစံနစ်များ ဆောင်ရွက်မရစေရန် အမေရိကန်နှင့် ဥရောပသမဂ္ဂက အီရန်ဗဟိုဘဏ်ကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။

Source: Reuters

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။