Saturday, March 3, 2012

ဘန်ကီမွန်နှင့် ဆီးရီးယားသံအမတ်တို့ အတိုက်အခံပြောဆိုကြ


ဆီးရီးယားနိုင်ငံ ဟုမ်းမြို့တွင် ဆီးရီးယားအစိုးရစစ်တပ်မှ သတ်ဖြတ်သုတ်သင်မှုများ၊ ဖမ်းဆီးမှုများ၊ နှိပ်စက်ညှဉ်းပမ်း မှုများ ပြုလုပ်နေသည့် အစီရင်ခံစာများနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို အတွင်းရေးမှူးချုပ်ဘန်ကီမွန် က ရှင်းလင်းပြောဆိုခဲ့သည်။

သောကြာနေ့က ဘန်ကီမွန်က ဆီးရီးယားအစိုးရနှင့် ပတ်သက်၍ပြောကြားခဲ့ရာတွင် ဆီးရီးယားအစိုးရသည် မိမိပြည်သူကို မိမိကာကွယ်ပေးရမည့်ဝတ္တရားပျက်ကွက်နေကြောင်း၊ အရပ်သားများသေပျောက်မှုနှုန်းမှာလည်း အလွန်မြင့်မားကြောင်း၊ သုတ်သင်သတ်ဖြတ်မှုများ၊ ဖမ်းဆီးချုပ်နှောင်မှုများ၊ နှိပ်စက်ညှဉ်းပမ်းမှုများပြုလုပ်နေသည့် ရွံရှာထိတ်လန့်ဖွယ် သတင်းများကြားနေရကြောင်း ဆိုသည်။

`အစိုးရကိုယ်တိုင်က ရက်ရက်စက်စက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ကိုယ့်ပြည်သူကို ကိုယ်စံနစ်တကျ တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။´ ဟု ဘန်ကီမွန်က ဆက်လက်ပြောဆိုလိုက်သည်။

ဘန်ကီမွန်စကားပြောဆိုသွားပြီးနောက် ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ်က ဘန်ကီမွန်၏ မှတ်ချက်များသည် မိမိတို့နိုင်ငံကို ဂုဏ်သိက္ခာချပြီးပြောဆိုသွားခြင်းသာဖြစ်ကြောင်း အဖွဲ့ဝင် ၁၉၃ နိုင်ငံရှေ့မှောက်တွင် တက်ရောက် ပြောဆိုခဲ့သည်။

အစီရင်ခံစာများ၊ မှတ်ချက်များ၊ ကောလဟလများအပေါ်အခြေခံ၍ ဆီးရီးယားအစိုးရကို သိက္ခာချရန်အတွက် အလွန် အကျွံချဲ့ကားပြောဆိုမှုများသာဖြစ်ကြောင်း ဆီးရီးယားသံအမတ် ဘက်ရှာဂျာဖာရီက ဆိုသည်။

စကားပြောခွင့်ရ ၄၅ မိနစ်အတွင်း ဆီးရီးယားသံအမတ်က အတွင်းရေးမှူးချုပ်၏ ပြောစကားများသည် ဆီးရီးယား အတိုက်အခံများ၊ ရန်သူနိုင်ငံများနှင့် ရန်သူနိုင်ငံများတွင် နေထိုင်နေသူများထံမှ လာသောစကားများပင် ဖြစ်ကြောင်း ဆိုသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များတွင် အခက်အခဲများရှိနေကြောင်း အစီရင်ခံစာသတင်းများမှာလည်း လုံးဝ မမှန်ကန်ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။
အာရပ်အဖွဲ့ချုပ်နှင့် ကုလသမဂ္ဂတို့၏ ဆီးရီးယားအရေးကိုင်တွယ်ပုံ ညံ့ဖျင်းမှုကိုလည်း ဝေဖန်ပြောဆိုသွားခဲ့သည်။

`အတွင်းရေးမှူးချုပ်ကြီးက သတင်းအမှန်တွေကို မသိရပါဘူး။´ ဟု ပြောဆိုခဲ့ပြီး အတိုက်အခံများကိုလည်း လက်နက်ကိုင် အကြမ်းဖက်အုပ်စုများဟု ထပ်ခါတလဲလဲပြောဆိုသွားခဲ့လေသည်။

သောကြာနေ့အစောပိုင်းက ဘန်ကီမွန်က ဆီးရီးယားအစိုးရစစ်တပ်သိမ်းထားသော မြို့များတွင် သေပျောက်မှုနှုန်း များမြင့်မားလျက်ရှိသဖြင့် အကူအညီပေးရေးအဖွဲ့များဝင်ရောက်ခွင့်ပြုရန် ဆီးရီးယား ဒမတ်စကတ်အစိုးရထံတွင် တောင်းဆိုခဲ့သည်။

ဆီးရီးယားသမ္မတအာဆက်၏ စစ်တပ်မှ အစုလိုက်အပြုံလိုက် လူသတ်ပွဲဆင်နွှဲနေသည်ဟု အတိုက်အခံများကစွပ်စွဲ နေသော ဟုမ်းမြို့သို့ နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC)က အကူအညီပေးရေးယာဉ်တန်းများဖြင့် သွားရောက်ရာဝင်ရောက်ခွင့်မပြုခြင်းကြောင့် ICRC ကရှုံ့ချခဲ့ကြောင်း ဘန်ကီမွန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

`ဒါဟာလုံးဝလက်ခံနိုင်စရာမရှိပါဘူး။´ ဟု ဘန်က ဆိုသည်။

`ဒီလိုအခြေအနေမျိုးအပေါ်မှာ လူသားတစ်ယောက်အနေနဲ့ ဘယ်လိုလက်ခံရမလဲ။ ကျွန်တော်အလွန်စိတ် မကောင်းပါဘူး။ လက်ပိုက်ကြည့်နေရတဲ့ အခြေအနေပေါ်မှာ အလွန်စိတ်ထိခိုက်ရပါတယ်။´

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။