Sunday, March 4, 2012

လစ်ဗျားတွင် မွတ်စလင်ညီအစ်ကိုတော်များ ပါတီဖွဲ့

မိုဟာမက်ဆိုဝမ်

လစ်ဗျားတွင် မွမ်မာကဒါဖီအုပ်စိုးစဉ်က နှစ်ခြောက်ဆယ်ကြာ တိမ်မြုပ်နေခဲ့ရသော မွတ်စလင်ညီအစ်ကိုတော်များ အဖွဲ့က ယခုအခါနိုင်ငံရေးပါတီအဖြစ်ရပ်တည်တော့မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

နိုင်ငံရေးပါတီများဖွဲ့စည်းခြင်း ဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသော်လည်း အစ္စလာမ်အုပ်စုဖြစ်သော မွတ်စလင်ညီအစ်ကိုများအဖွဲ့က တရားမျှတရေးနှင့် ဖွံ့ဖြိုးရေးပါတီဖွဲ့စည်းလိုက်ကြောင်း စနေနေ့က ကြေငြာလိုက် သည်။
လစ်ဗျားနိုင်ငံအနှံ့ မြို့ကြီး ၁၈ မြို့တွင် ၎င်းတို့ပါတီ တည်ရှိမည့်အကြောင်းနှင့် ပါတီဖွဲ့စည်းကြောင်း ကြေငြာခြင်းမပြု သေးမီတစ်ရက်အလိုက ထရီပိုလီတွင်ကျင်းပသော အစည်းအဝေးသို့ ပါတီဝင်၁ ,၄၀၀ တက်ရောက်ခဲ့ကြောင်း ညီအစ်ကိုတော်များ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဂါအဲယာ ပြောကြားခဲ့သည်။

ပါတီဥက္ကဋ္ဌအဖြစ် မစ္စရာတာနယ်ခံ မိုဟာမက်ဆိုဝမ်ကို ခန့်အပ်ခဲ့သည်။ မစ္စရာတာမြို့သည် ကဒါဖီကို တိုက်ခိုက်ဖြုတ်ချစဉ် ပြည်တွင်းစစ်ပွဲအတွင်းက တိုက်ပွဲများအပြင်းထန်ဆုံးဖြစ်ပွားခဲ့သည့် မြို့ဖြစ်ခဲ့သည်။

ဆိုဝမ်သည် ကဒါဖီလက်ထက်က ဟိုတယ်မန်နေဂျာအဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် ၈ နှစ် ထောင်ကျခဲ့ကာ ၂၀၀၆ ခုတွင်မှ ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။

ညီအစ်ကိုတော်များ အဖွဲ့သည် ၁၉၄၉ ခုနှစ်ကတည်းကတည်ရှိခဲ့ပြီး ကဒါဖီလက်ထက်အတွင်း ခေါင်းဆောင်များအား ဖမ်းဆီးထောင်ချခြင်း ၊ အချို့ခေါင်းဆောင်များ နိုင်ငံရပ်ခြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းများဖြစ်ပွားခဲ့ကြောင်း ဆိုဝမ်က ပြောသည်။

ညီအစ်ကိုတော်များအဖွဲ့မှ ထင်ရှားသောခေါင်းဆောင်များသည် ပြည်တွင်းစစ်အတွင်းက အတိုက်အခံများဘက်မှနေ၍ ကဒါဖီကို တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းအသွင်ပြောင်းအစိုးရအဖွဲ့တွင် မည်သည့်ရာထူးမှရရှိထားခြင်းမရှိသေး ပေ။

ယခုအခါ နိုင်ငံအ၀ှမ်းထောက်ခံမှုများရရှိစေရန် ပါတီဖွဲ့စည်းပြီး လှုပ်ရှားဆောင်ရွက်တော့မည်ဖြစ်သည်။ ၎င်းတို့ကို ထောက်ခံသူများထဲတွင် လွန်ခဲ့သောနှစ်က ပြည်တွင်းစစ်ပြီးဆုံးချိန်တွင် နိုင်ငံခြားမှပြန်လည်ဝင်ရောက်လာကြသော ချမ်းသာကြွယ်ဝသူများ၊ လူမှုအဖွဲ့အစည်းများနှင့် ကုသိုလ်ဖြစ်အကူအညီပေးရေးအဖွဲ့များလည်းပါဝင်သည်။

ဘာသာရေးတန်ဖိုးများနှင့် အညီ တရားမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ပါတီကိုရည်ရွယ်ဖွဲ့စည်းခဲ့ ကြောင်း ဂါအဲယာကဆိုသည်။
`ကျွန်တော်တို့ရဲ့ ဦးစားပေးရည်ရွယ်ချက်က လုံခြုံရေးနဲ့ တည်ငြိမ်ရေးပဲဖြစ်ပါတယ်။´ ဟု ဂါအဲယာက ပြောသည်။
`ကျွန်တော်တို့ပါတီက အခုမှစတင်တည်ထောင်တဲ့ပါတီဖြစ်ပါတယ်။ ဘာသာရေး စည်းကမ်းတွေနဲ့ အညီအလုပ်လုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အများသူငါထင်သလို အမျိုးသမီးတွေ အိမ်ထဲကအိမ်ပြင်မထွက်ရ ဆိုတဲ့ အလွန်တယူသန်တဲ့ တင်းကြပ်မှုတွေကိုတော့ကိုင်စွဲထားမှာမဟုတ်ပါဘူး။´

အစ္စလာမ်ဘာသာရေးဥပဒေများသည် ဥပဒေပြုရေးတွင် အဓိကကျသည့် အပိုင်းဖြစ်မည်ဟု အောက်တိုဘာလ အတွင်းက လစ်ဗျားအာဏာပိုင်များက ပြောဆိုခဲ့သည်။

မွတ်စလင်ညီအစ်ကိုတော်များနှင့် အခြားအစ္စလာမ်ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများသည် လွန်ခဲ့သော အာရပ်နွေဦး တော်လှန်ရေးတွင် ထိပ်တန်းရောက်ရှိလာခဲ့ကြသည်။ အီဂျစ်တွင်လည်း မွတ်စလင်ညီအစ်ကိုတော်များ အဖွဲ့ကို ၁၉၂၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည်။ ယခုအခါ ၎င်းတို့နှင့် ဆက်စပ်နေသော နိုင်ငံရေးပါတီတစ်ခု ပါလီမန်အတွင်း၌ နေရာရရနေပြီဖြစ်သည်။ တူနီးရှားနှင့် မော်ရိုကိုတို့တွင်လည်း အစ္စလာမ် အရေးလှုပ်ရှားသူများကို ရွေးကောက်ပွဲများတွင် ရွေးချယ်ခဲ့ကြသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။