Monday, March 5, 2012

ရုရှတွင် ပူတင်အနိုင်ရ၊ မသမာမှုများရှိကြောင်း စွပ်စွဲခံရ


ရုရှသမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ၀န်ကြီးချုပ်ဗလာဒီမာပူတင် ရွေးကောက်ပွဲအနိုင်ရရှိကြောင်း ကြေငြာခဲ့သည်။
တနင်္ဂနွေနေ့က အောင်ပွဲခံလူထုစုရုံးရာသို့ ပါးပြင်ပေါ်မျက်ရည်စက်လက်ဖြင့်တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ရာ ရုရှလူထုသည် သူ့ကိုရွေးချယ်လိုက်ခြင်းအားဖြင့် ရုရှနိုင်ငံတော်တည်ရှိမှုနှင့် အချုပ်အခြာအာဏာကို ဖျက်လိုဖျက်ဆီး ပြုလိုသည့် ရန်သူများအား ဖယ်ရှားလိုက်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
`ရုရှနိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးလို့မရဘူးဆိုတာကို ရုရှပြည်သူတွေက ဒီကနေ့ ပြသလိုက်ပါပြီ။´ ဟုဆိုသည်။ သူ့နံဘေးတွင် လက်ရှိသမ္မတ ဒီမစ်ထရီမက်ဗီဒက် ယှဉ်တွဲမတ်တတ်ရပ်လျက်ရှိသည်။
`ခင်ဗျားတို့ အောင်နိုင်သူတွေ ဖြစ်ရစေမယ်လို့ ကျွန်တော်ကတိပေးပါတယ်။ ကျွန်တော်တို့ အောင်နိုင်ရပါမယ်။ ရုရှနိုင်ငံတော် မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ။´ ဟု မော်စကိုမြို့လည်တွင် သူ့ကိုထောက်ခံသူများ ကြား ပူတင်ကပြောကြားခဲ့သည်။
`ကျွန်တော်တို့ လွတ်လပ်တရားမျှတစွာနဲ့ အနိုင်ရရှိခဲ့တာပါ။´ ဟု ဆိုသည်။

ရုရှရွေးကောက်ပွဲကော်မစ်ရှင်က မဲရုံများမပိတ်မီ အစောပိုင်းကြိုတင်ရလဒ်များတွင် ပူတင်အနိုင်ရရှိကြောင်းကြေငြာ ခဲ့ပြီး မဲများရေတွက်ပြီးသောအခါ ၆၃.၄ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

`ရုရှအတော်များများက ပူတင်ကို မဲပေးရွေးချယ်ခဲ့ကြတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် ဟိုတုန်းက လောက်တော့ သူတို့မှာ စိတ်အားထက်သန်မှုသိပ်မရှိကြပါဘူး။´ ဟု အယ်ဂျာဇီယာသတင်းထောက် ယောနဟူးလ်က မော်စကိုမှ သတင်းပေးပို့ခဲ့သည်။
`သူတို့မှာ အခြားရွေးချယ်စရာလည်း မရှိလို့ ဖြစ်နိုင်သလို ပူတင်မရှိရင် ရုရှနိုင်ငံဟာ ယိုယွင်းသွားနိုင်တယ် ဆိုတဲ့ ကရင်မလင်ရဲ့ ၀ါဒဖြန့်မှုတွေကို နားယောင်လို့လည်း ဖြစ်နိုင်ပါတယ်။´

မဲရုံအထွက်စစ်တမ်းများအရ ပူတင်က ၅၈.၃ ရာခိုင်နှုန်းရရှိနေပြီး လူထုအမြင်ဖေါင်ဒေးရှင်းမှပြုစုသော စစ်တမ်းအရ ၅၉.၃ ရာခိုင်နှုန်း ထောက်ခံမဲရရှိလေသည်။

မန်နက်ဇ်ဟန်နာ ရင်ပြင်မှနေ၍ အယ်ဂျာဇီယာသတင်းထောက် ခရစ်တိုဖာထရူးသတင်းပေးပို့ခဲ့ရာတွင် `ပူတင်ကို ထောက်ခံတဲ့ လူထောင်ပေါင်းများစွာစုရုံးပြီးတော့ ဒီနေရာမှာ အောင်ပွဲခံနေကြပါတယ်။´ ဟု ဆိုသည်။
`ဒါပေမယ့် အဲဒီလူတွေကိုဝန်းရံပြီးတော့ စစ်သားတွေ၊ ရဲတွေ ထောင်နဲ့ချီပြီးတော့ ပြင်ပက တစ်စုံတစ်ရာ မနှောက်ယှက်နိုင်အောင် ကာကွယ်ပေးထားပါတယ်။´
`အတိုက်အခံတွေရဲ့ အပြင်းအထန်ဝေဖန်မှုတွေကြောင့် ရုရှအစိုးရဟာ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်နေပါတယ်။´ ဟု သတင်းထောက်က ပြောကြားခဲ့သည်။

ပူတင်၏ ကွန်မြူနစ်ပြိုင်ဘက်တစ်ဦးဖြစ်သူ လွှတ်တော်အမတ် ဂန်နဒီဇူဂန်နော့ဗ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယနေရာမှ ၁၇.၁ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင်သူဌေး မစ်ခေးလ်ပရော့ဟိုရော့ဗ်က ၇.၀ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲ မတိုင်မီက လူကြိုက်များသော ဗလာဒီမာဇိုင်ရီနော့ဗ်စကီးက ၆.၇ ရာခိုင်နှုန်းအသီးသီးရရှိခဲ့ကြသည်။ အထက်လွှတ်တော် ဥက္ကဋ္ဌဟောင်း ဆာဂျီမီရိုနော့ဗ်က ၃.၇ ရာခိုင်နှုန်းသာရရှိတော့မည်ဖြစ်သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဇူဂန်နော့ဗ်က `လိမ်တယ်။ လုံးဝတရားမျှတမှုမရှိဘူး။ လုံးဝမယုံဘူး။ ´ ဟု ပြောကြား ခဲ့သည်။ ပူတင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သော ဗလာဒီမာရိုင်ဇကော့ဗ်က `ဒီရွေးကောက်ပွဲဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိပါဘူး။´ ဟု ဆိုသည်။

ထို့ကြောင့် တနင်္လာနေ့တွင် မော်စကို၌ ဆန္ဒပြကြရန်အတိုက်အခံများက လှုံ့ဆော်ထားသည်။

`မဲလိမ်လည်မှုတွေ ဖြစ်ပွားခြင်းမရှိအောင် နိုင်ငံအ၀ှမ်းမဲရုံ ၉၀,၀၀၀ မှာ တစ်ခုချင်းစီတိုင်းမှာ ကင်မရာနှစ်လုံး စီတပ်ဆင်ထားပါတယ်။ တစ်လုံးက မဲပုံးကိုပြထားတယ်။ တစ်လုံးက ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ပြထားတယ်။´ ဟု အယ်ဂျာဇီယာသတင်းထောက်က ဆိုသည်။

`ပူတင်ပဲနိုင်မယ်လို့ အများက ယူဆထားကြပြီးတော့ သူ့အလုပ်ကိုပဲသူ ဆက်လုပ်နိုင်မလား၊ ဆန္ဒပြတောင်း ဆိုမှုတွေထဲက အချို့ကိုလိုက်လျောမလားဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။´

အတိုက်အခံဆန္ဒပြမှုစည်းရုံးလှုပ်ရှားသူနှင့် ဘလော့ဂါတစ်ဦးဖြစ်သူ အဲလက်ဇီနာဗယ်လ်နီက မဲမသမာမှုစွပ်စွဲချက်များ လုံးဝမှန်ကန်ကြောင်း ဆိုသည်။ မဲရုံများတွင် မဲခိုး၊ မဲလိမ်မှုများရှိခဲ့ပြီး၊ မဲရေတွက်မှုများမှာလည်း မမှန်ကန်ကြောင်း ဆိုသည်။

ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးခေါင်းဆောင်ဖြစ်ခဲ့သော မစ်ခေးလ်ဂေါ်ဘာချော့သည် ပူတင်အပေါ် ပြင်းပြင်း ထန်ထန်ဝေဖန်လာခဲ့ပြီး သူ့မဲကို ပုံးအတွင်းထည့်နေစဉ်အတွင်း ` ဒီရွေးကောက်ပွဲကတော့ ရိုးသားမှုရှိလိမ့်မယ် မထင်ဘူးဗျ။ မရိုးသားဘူးဆိုရင်လည်း ကျုပ်တို့က အလျှော့ပေးလိမ့်မယ် မဟုတ်ဘူး။´ ဟု ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။