Tuesday, March 6, 2012

အီရန်အရေး နေတန်ယာဟုနှင့် အိုဘားမား တွေ့ဆုံ


အစ္စရေးလ်အနေနှင့် အီရန်၏နျူကလီးယားအစီအစဉ်ကို ဆန့်ကျင်တိုက်ခိုက်ရန် တစ်ကိုယ်တော်ဆောင်ရွက်ခွင့်ရှိ ကြောင်း အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ယာမင်နေတန်ယာဟုက အမေရိကန်သမ္မတအိုဘားမားကို ပြောကြားလိုက် သည်။

အီရန်နှင့် စစ်ပွဲဆင်နွှဲရန် အခြေအနေတင်းမာမှုများမြင့်မားနေစဉ်တွင် အမေရိကန်သမ္မတနှင့် အစ္စရေးလ်ဝန်ကြီးချုပ် တို့ အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ကြသည်။

ခေါင်းဆောင်နှစ်ဦးမတွေ့ဆုံမီ ထုတ်ပြန်ချက် အနည်းငယ်သာထုတ်ပြန်ခဲ့ပြီးနောက် သီးခြားနှစ်ဦးတည်း အချိန်အတော်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြလေသည်။ နေတန်ယာဟု၏ အဖွဲ့ဝင်များက ၎င်းအနေနှင့် အမေရိကန်အား အီရန်နျူကလီးယားကိစ္စအပေါ် ပိုမိုပြင်းထန်သည့် အရေးယူမှုများဆောင်ရွက်ရန် တိုက်တွန်းသွားဖွယ်ရှိကြောင်း ပြော ဆိုကြသည်။

သတင်းစာများနှင့် အစ္စရေးလ်အစိုးရပိုင်းမှ ထုတ်ပြန်ချက်များအရ အစ္စရေးလ်က အီရန်ကို လာမည့်နွေရာသီတွင် တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း ရေးသားပြောဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။

အစ္စရေးလ်က အီရန်ကိုတိုက်ခိုက်လျှင် အမေရိကန်က အစ္စရေးလ်ဘက်မှ ကူညီမည်၊ မကူညီမည်ဟု ပြောဆိုခဲ့ခြင်း မရှိသေးပေ။ သို့သော် မကြာသေးမီကပင် အမေရိကန်က အီရန်တွင် နျူကလီးယားလက်နက်တည်ဆောက်နေသည့် အရိပ်လက္ခဏာမျိုးမတွေ့ရကြောင်း ပြောကြားခဲ့သည်။

အီရန်၏ နျူကလီးယားအရေးနှင့် ပတ်သက်ပြီး အမေရိကန်အနေနှင့် နည်းလမ်းပေါင်းစုံသုံးကာဖြေရှင်းရန် ရည်ရွယ် ထားကြောင်း၊ သို့သော် သံတမန်နည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန် အချိန်ပေးရန်လိုကြောင်း အိုဘားမားက ပြောသည်။
`အစ္စရေးလ်ဝန်ကြီးချုပ်ကြီးရော ကျွန်တော်ရော ဒီကိစ္စကို သံတမန်နည်းလမ်းနဲ့ပဲ ဖြေရှင်းလိုကြပါတယ်။ စစ်တိုက်မယ်ဆိုရင် အင်မတန်အရင်းအနှီးများမယ် ဆိုတာ ကျွန်တော်တို့သိပါတယ်။´ ဟု အိုဘားမားက ဆိုသည်။

သို့သော် နေတန်ယာဟုက အစ္စရေးအနေနှင့် `အချုပ်အခြာအာဏာပိုင်ခွင့်အရ´ `မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် အရ´ အီရန်ကို မိမိတစ်ကိုယ်တော်တိုက်လိုလျှင် တိုက်နိုင်ကြောင်း ဆိုသည်။

အမေရိကန်-အစ္စရေးလ်လူထုရေးရာကော်မီတီ AIPAC ခေါ် အစ္စရေးလ်လိုလားသူများ အုပ်စုက နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲတွင် ဦးဆောင်ယှဉ်ပြိုင်ကြမည့် ပါလီမန်အမတ်များအား ဖိအားပေးရန် ကြိုးပမ်း လျက်ရှိပြီး အိမ်ဖြူတော်တွေ့ဆုံပွဲသည် ၎င်းတို့၏ နှစ်ပတ်လည် ညီလာခံကိုအကြောင်းပြုပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။ ယင်း AIPAC အစ္စရေးလ်အုပ်စုသည် အမေရိကန်တွင် အားကောင်းသော အဖွဲ့အစည်းတစ်ခုဖြစ် သည်။

အိုဘားမား၏ တနင်္ဂနွေနေ့ မိန့်ခွန်းနှင့် တနင်္လာနေ့ ပြောကြားချက်များတွင် အိုဘားမားက အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသည့်အတွက် အစ္စရေးလ်အနေနှင့် အချိန်ပေးစောင့်ကြည့်သင့်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးရေးအတွက်လည်း နည်းလမ်းများစွာရှိကြောင်း ပြောကြားခဲ့သည်။

`ကျွန်တော်တို့ ပိတ်ဆို့ဖြတ်တောက်ပြီး အင်အားကျဆင်းသွားအောင် လုပ်တဲ့ မူဝါဒမျိုး မရှိဘူးဆိုတာ အီရန် ခေါင်းဆောင်တွေ နားလည်သင့်ပါတယ်။ ဒါပေမယ့် နျူကလီးယားလက်နက်မလုပ်အောင် တားဆီးမယ့် မူဝါဒတော့ ချမှတ်ထားပါတယ်။´ ဟု အိုဘားမားက ဆိုသည်။

နေတန်ယာဟု အစိုးရနှင့် AIPAC အစ္စရေးလ်အဖွဲ့က အိုဘားမားအစိုးရအား အီရန်အပေါ် ပိုမိုပြင်းထန်သည့် အရေး ယူမှုများ ဆောင်ရွက်စေချင်သည်။ အမေရိကန်အစိုးရက အီရန်၏ နျူကလီးယားအဆောက်အဦများကို မည်သည့် အချိန်တွင် တိုက်ခိုက်မည်ဟူသော ကြေငြာချက်မျိုးကို ၎င်းတို့က လိုလားလေသည်။

AIPAC အဖွဲ့ကမူ အီရန်တွင် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန်မဆိုထားနှင့် နျူကလီးယားလက်နက်ထုတ်လုပ် နိုင်မည့် အင်အားမျိုးရှိနေရန်ပင် မလိုလားချေ။

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနေသည့် နည်းပညာတိုးတက်နေသည့် မည်သည့်နိုင်ငံမဆို နျူကလီးယား လက်နက်ထုတ်လုပ်ရန် နည်းလမ်းများပိုင်ဆိုင်သည့် အနေအထား၌ ရှိသည်ချည်းပင်ဖြစ်သည်။ အကယ်၍အီရန်တွင်သာဤသို့ အနေအထားမျိုးရှိပါက အီရန်ခေါင်းဆောင်များက နျူကလီးယားလက်နက်ထုတ်လုပ် လိုသည့် ဆန္ဒမရှိသည့်တိုင်အောင် AIPAC အဖွဲ့က အစ္စရေးလ်အစိုးရအား အီရန်ကိုတိုက်ခိုက်အောင် ဖိအားပေးမည် သာဖြစ်သည်။ AIPAC အဖွဲ့သည် နေတန်ယာဟု၏ အစိုးရအဖွဲ့အတွင်း၌လည်း ထဲထဲဝင်ဝင် နေရာယူထားနိုင်သည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။