Wednesday, March 7, 2012

ဆီးရီးယားဒုက္ခသည်များ လက်ဘနွန်သို့ ထွက်ပြေးဝင်ရောက်


ဆီးရီးယားစစ်တပ်နှင့် အတိုက်အခံတပ်ဖွဲ့များတိုက်ပွဲပြင်းထန်လျက်ရှိသဖြင့် ဒုက္ခသည်ထောင်ပေါင်းများစွာ လက်ဘနွန်နိုင်ငံတွင်း ပြေးဝင်ခိုလှုံကြလျက်ရှိကြောင်း ကုလသမဂ္ဂက ဆိုသည်။

ဆီးရီးယားသမ္မတ ဘက်ရှာအယ်အာဆက်က နိုင်ငံတွင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဖိအားပေးဆောင်ရွက် သွားမည်ဖြစ်ပြီး အကြမ်းဖက်သမားများဟု ၎င်းကအမည်ပေးထားသော အတိုက်အခံများကို ချေမှုန်းသွားမည်ဖြစ် ကြောင်း နိုင်ငံပိုင်သတင်းဌာနမှ တစ်ဆင့်ကြေငြာခဲ့သည်။

`ဆီးရီးယားပြည်သူလူထုဟာ ဟိုတစ်ချိန်ကလည်း နိုင်ငံခြားရန်စွယ်တွေကို ချေမှုန်းနိုင်ခဲ့သလို အခုအခါမှာ လည်း နိုင်ငံခြားအထောက်အပံ့ခံ အကြမ်းဖက်သမားတွေကို တိုက်ဖျက်ရင်းနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို လုပ်ဆောင်ပြီး နိုင်ငံတော်တည်ဆောက်နိုင်တဲ့ စွမ်းပကားရှိတဲ့အကြောင်း သက်သေပြနေကြပါတယ်။´ ဟု နိုင်ငံပိုင် ဆာနားသတင်းဌာနက အင်္ဂါနေ့ကအာဆက်၏ ပြောစကားများကို ကိုးကားကြေငြာခဲ့သည်။

သို့သော် ဟုမ်းစ်မြို့တွင် အစိုးရက အပြင်းအထန်တိုက်ခိုက်နေပြီး လူ့အခွင့်အရေးချိုးဖေါက်မှုများဖြစ်ပွားနေကာ နိုင်ငံတကာ ဆေးဝါးအကူအညီပေးရေးအဖွဲ့များကိုလည်း ၀င်ခွင့်မပြုသောကြောင့် အာဆက်အစိုးရအပေါ် နိုင်ငံတကာမှ ဒေါသထွက်လျက်ရှိသည်။

အစိုးရတပ်ဖွဲ့များ၏ အပြင်းအထန်ထိုးစစ်ဆင်မှုကြောင့် အတိုက်အခံတပ်များဆုတ်ခွာသွားကြသောကြောင့် ဒုက္ခသည် အများအပြား ဘာဘာအမ္မာသို့ ခြေကျင်ပြန်လည်ဝင်ရောက်လာခဲ့ကြလေသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ ICRC သည် ဆေးဝါးပစ္စည်းများအကူအညီပေးနိုင်ရေးအတွက် ဘာဘာအမ္မာမြို့သို့ ၀င်ရောက်ခွင့်ရရန် အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိသည်။

တိုက်ပွဲဖြစ်ပွားနေရာ နေရာများမှ ထွက်ပြေးလာသော အရပ်သားများပြောပြချက်အရ အလောင်းများကို အမှိုက်ပုံများ အောက်တွင် မြှုပ်နှံထားခြင်း၊ မြောင်းပုတ်များထဲတွင် စွန့်ပစ်ထားခြင်း၊ အစိုးရမှ လိုက်လံဖမ်းဆီး ကွပ်မျက်ခြင်းများ ဖြစ်ပွားနေကြောင်း သိရသည်။

`လူသေကောင်ပုတ်နံ့တွေက နေရာတိုင်းမှာပျံ့နှံ့နေတယ်။ အမှိုက်ပုံတွေအောက်မှာ မြှုပ်ထားတဲ့ လူသေပုတ် နံ့တွေကို ကျွန်တော်တို့ အချိန်တိုင်း ရနေတယ်။´ ဟု လက်ဘနွန်သို့ ထွက်ပြေးလာသူ အာမက်က ပြောသည်။

ဟုမ်းစ်၊ ဒါရား၊ အစ်ဒလစ်နှင့် ဒီအာအက်ဇ်ဇော ပြည်နယ်များတွင် နောက်ထပ်အကြမ်းဖက်မှုများဖြစ်ပွားနေကြောင်း အင်္ဂါနေ့က တက်ကြွလှုပ်ရှားသူမျးက သတင်းများပေးပို့ခဲ့ကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။