Monday, March 12, 2012

စပိန်တွင် ဖမ်းဆီးခြင်းခံခဲ့ရသော အယ်ဂျာဇီယာသတင်းထောက်ပြန်လည်လွတ်မြောက်


အယ်ဂျာဇီယာသတင်းထောက်တစ်ဦးဖြစ်သူ တေစီယာအလူနီသည် စပိန်တွင် ထောင်ဒဏ်ခုနှစ်နှစ် ကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

အလူနီသည် ဆီးရီးယားတွင် မွေးဖွားခဲ့သော စပိန်လူမျိုးဖြစ်ပြီး တနင်္ဂနွေနေ့က ကာတာနိုင်ငံ ဒိုဟာမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

စပိန်အာဏာပိုင်များက အလူနီသည် အယ်ကေဒါအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်မှုများရှိကြောင်းဆိုသည်။ အယ်ကေဒါအုပ်စုအတွက် ငွေးကြေးသယ်ယူပို့ဆောင်ပေးသူဖြစ်ခြင်းကြောင့် အကြမ်းဖက်သမားများနှင့် ပူးပေါင်း ဆောင်ရွက်မှုစွပ်စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စပိန်အာဏာပိုင်များက ဆိုသည်။

သို့သော် အလူနီက သူသည် အိုစမာဘင်လာဒင်ကို အင်တာဗျူးခဲ့သည့် အတွက် ဖမ်းဆီးထောင်ချခြင်းဖြစ်ကြောင်း ဆိုသည်။ အမေရိကန်တွင် ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားပြီး တစ်လအကြာတွင် အလူနီက အိုစမာဘင်လာဒင်ကို တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။ ထို့နောက်သူ့ကို စပိန်အစိုးရက ဖမ်းဆီးကာ ၂၀၀၅ ခုနှစ်တွင် ထောင်ဒဏ်ခုနှစ်နှစ် ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် ကျန်းမာရေးအခြေအနေကြောင့် ထောင်တွင်းမှ ထုတ်ကာ နေအိမ်အကျယ်ချုပ်ဖြင့် ကျခံစေပြီး ဆေးကုသမှုခံယူခဲ့သည်။ တနင်္ဂနွေနေ့က အယ်ဂျာဇီယာသတင်းဌာနချုပ်ရှိရာ ဒိုဟာမြို့သို့ ပြန်လည် ရောက်ရှိလာပြီး သူသည် စပိန်အာဏာပိုင်များစွပ်စွဲသကဲ့သို့ အကြမ်းဖက်သမားနှင့် ပူးပေါင်းခဲ့ခြင်းမရှိကြောင်း၊ သူ့ကို စပိန်အစိုးရက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

`စပိန်မီဒီယာတွေက ကျွန်တော့်ကို တိုက်ခိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အဓိကရည်ရွယ်တာ တော့ မဟုတ်ပါဘူး။ ကျွန်တော့်မိခင်သတင်းဌာနဖြစ်တဲ့ အယ်ဂျာဇီယာကို တိုက်ခိုက်ချင်တာပါ။ သူတို့က အယ်ဂျာဇီယာရဲ့ အောင်မြင်မှုတွေကို အားကျတယ်။ တစ်ချိန်တည်းမှာပဲ မနာလိုလည်းဖြစ်တယ်။´ ဟု ဆိုသည်။

အယ်ဂျာဇီယာသတင်းထောက်တစ်ဦးအနေနှင့် အလူနီက မိမိသည်အယ်ဂျာဇီယာဌာနကြီးတစ်ခုလုံးကို ကိုယ်စား ပြုနေကြောင်း သိရှိလိုက်ရသည်ဟု ဆိုသည်။

အာဖဂန်နစ္စတန်စစ်ပွဲအတွင်းက အလူနီသည် ကဘူးလ်ရှိ အယ်ဂျာဇီယာဌာန ခေါင်းဆောင်ဖြစ်သည်။ အမေရိကန်တို့ က ကဘူးလ် အယ်ဂျာဇီယာရုံးခန်းကို ဗုံးကြဲစဉ် သူရှိနေခဲ့ပြီး သေဘေးမှ လွတ်မြောက်ခဲ့သည်။
၂၀၀၃ တွင် အီရတ်စစ်ပွဲဖြစ်ပွားသောအခါ ဘဂ္ဂဒက် အယ်ဂျာဇီယာရုံးတွင် အလူနီသွားရောက်အလုပ်လုပ်ပြီး အီရတ် စစ်ပွဲသတင်းများပေးပို့ခဲ့သည်။ ထိုစဉ်ကလည်း ဒုတိယအကြိမ်တိုက်ခိုက်ခံရပြီး သူလွတ်မြောက်ခဲ့ပြန်သည်။

စပိန်တရားရုံးက ချမှတ်လိုက်သော ထောင်ဒဏ်ခုနှစ်နှစ်အပေါ် ဥရောပလူ့အခွင့်အရေးတရားရုံးက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပြန်လည်သုံးသပ်ပြီး တရားဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

အလူနီ၏ ရှေ့နေအဖွဲ့မှ တင်ပြသော အချက် ၇ ချက်ကိုသာ ဥရောပလူ့အခွင့်အရေးတရားရုံးက ကြည့်ရှုသုံးသပ် ခဲ့ပြီး စပိန်တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။