Wednesday, March 28, 2012

ကိုဖီအာနန်၏ အစီအစဉ်ကို ဆီးရီးယားလက်ခံ


အာရပ်အဖွဲ့ချုပ်နှင့် ကုလသမဂ္ဂတို့ပူးပေါင်းစေလွှတ်လိုက်သော ဆီးရီးယားအရေးအထူးကိုယ်စားလှယ် ကိုဖီအာနန် တင်ပြသော အချက် ၆ ချက်ပါ ငြိမ်းချမ်းရေးသဘောတူညီချက်စာတမ်းကို ဆီးရီးယားအစိုးရက လက်ခံလိုက်ပြီ ဖြစ်ကြောင်း ကိုဖီအာနန်၏ ပြောရေးခွင့်ရှိသူ အာမက်ဖေါ်ဇီက ပြောသည်။
`သွေးမြေကျမှုတွေ၊ အကြမ်းဖက်မှုတွေရပ်ဆိုင်းသွားဖို့အတွက် ဒီဟာက အရေးကြီးတဲ့ ပထမဦးဆုံးခြေလှမ်း ဖြစ်တယ်လို့ မစ္စတာအာနန်က ယုံကြည်နေပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးဖို့၊ နိုင်ငံရေးတွေ့ဆုံစကားပြော ပွဲတွေဖြစ်ပေါ်လာဖို့ လည်း အရေးကြီးပါတယ်။´

ကိုဖီအာနန်သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ရောက်ရှိနေပြီး သူ့အစီအစဉ်ကို တရုတ်အစိုး၏ ထောက်ခံမှုရရှိစေရန် ကြိုးပမ်းလျက်ရှိပြီး ဆီးရီးယားအစိုးရထံသို့လည်း စာရေးပြီး လိုက်နာဆောင်ရွက်ပေးပါရန် တောင်းဆိုထားသည်။
ကိုဖီအာနန်၏ တောင်းဆိုမှုများတွင် ဆန္ဒပြရာနေရာများမှ စစ်တပ်များပြန်လည်ဆုတ်ခွါပေးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများ အဆုံးသတ်ပေးရန်တောင်းဆိုထားသည်။ လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားသော နေရာများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးအတွက် တစ်နေ့နှစ်နာရီ အပစ်အခတ်ရပ်စဲပေးရန် နှင့် အကြမ်းဖက်မှုများအားလုံးကို ကုလသမဂ္ဂမှ ဦးဆောင်ပြီး ရပ်တန့်သွားအောင်ဆောင် ရွက်ခွင့်ပြုရေးတို့ပါဝင်သည်။

အင်္ဂါနေ့တွင် ဘဂ္ဂဒက်မြို့၌အာရပ်အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များ ကို ညှိနှိုင်းဆွေးနွေးမည်ဖြစ်သည်။

အတိုက်အခံများကလည်း ကိုဖီအာနန်၏ ကမ်းလှမ်းချက်ကို အာဆက်အစိုးရမှ ဆက်လက်ဖိနှိပ်မှုများ ပြုလုပ်နိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် အစောပိုင်းက လက်မခံခဲ့ပေ။

ဆီးရီးယားအစိုးရက ကိုဖီအာနန်၏ တင်ပြချက်များကို သဘောတူကြောင်းလက်ခံပြီးနောက် အလုပ်ဖြင့် သက်သေပြ ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောသည်။
`အာဆက်ရဲ့ အရင်က ကတိတွေအလွန်အကျွံပေးပြီး တကယ်တမ်းလိုက်မလုပ်ခဲ့တဲ့ သာဓကတွေက ရှိနေ တော့ အခုတစ်ခါမှာတော့ ချက်ခြင်း လိုက်နာဆောင်ရွက်ပြဖို့လိုပါလိမ့်မယ်။´ ဟု ဆိုသည်။
`အာဆက်ရဲ့ အပြောနဲ့ အလုပ်မှာ အလုပ်ကိုပဲကျွန်မတို့စောင့်ကြည့်မှာဖြစ်ပါတယ်။ အပြောတွေကို မလိုပါ ဘူး။´ သတင်းစာရှင်းလင်းပွဲတွင် ကလင်တန်က ပြောဆိုခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။