Sunday, March 11, 2012

ဂါဇာကို အစ္စရေးလ်လေကြောင်းမှ တိုက်ခိုက်


ပါလက်စတိုင်းနယ်မြေဂါဇာကမ်းမြှောင်ကို အစ္စရေးလ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပါလက်စတိုင်း တစ်ဦးသေဆုံးခဲ့ရကြောင်း ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ခုက ပြောသည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းက ဂါဇာကမ်းမြှောင်အရှေ့ဘက်ပိုင်းတွင် အစ္စရေးလ်ကဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အခြားတစ်ဦး လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စနေနေ့နေ့လယ်ပိုင်းက အီဂျစ်နှင့်ကပ်လျက် ရာဖာမြို့ကို အစ္စရေးလ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မော်တော်ဆိုင်ကယ်စီးနင်းလာသော ပါလက်စတိုင်းသေဆုံးခဲ့ပြီး ထိုနေ့မှာပင် ခန်းယူနစ်မြို့တွင် မော်တော်ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

စနေနေ့က အစ္စရေးလ်စစ်တပ်၏ ထုတ်ပြန်ကြေငြာချက်အရ `အစ္စရေးလ်တောင်ပိုင်းနယ်မြေထဲကို ပါလက်စတိုင်း ဘက်က မော်တာအမြောက်ကျည် အလုံး ၁၀၀ လောက်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တိုက်ရိုက်လက်တုံ့ပြန် တိုက်ခိုက်မှုဖြစ်ပါတယ်။´ ဟု ဆိုသည်။

`လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းကပဲ အစ္စရေးလ်တောင်ပိုင်းကို ပါလက်စတိုင်းဘက်က မော်တာကျည် ၄၅ လုံး ကျရောက်ခဲ့ပြီး လူလေးယောက်ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်က အင်မတန်ပြင်းထန်ပါတယ်။´ ဟု ဆိုသည်။

သောကြာနေ့က အစ္စရေးလေတပ်မှ အပါချီရဟတ်ယဉ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသုံးဦးသေဆုံးပြီး အိမ်တစ်လုံး၊ ကားတစ်စီး ထိမှန်ပျက်စီးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ အဖွဲ့ကဆိုသည်။

အစောပိုင်းတိုက်ခိုက်မှုများက လူထုအင်အားကော်မီတီ၏ ခေါင်းဆောင် ဇူဟဲ အယ်လ်ခိုင်စီ နှင့် ၎င်း၏ ကိုယ်ရံတော် မာမွတ်အယ်-ဟာနန်နီတို့ကို ပစ်မှတ်ထားလိုက်လံတိုက်ခိုက်မှုဖြစ်သည်။ မာမွတ်အယ်-ဟာနန်နီသည် လွန်ခဲ့သော ငါးနှစ်က အစ္စရေးလ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ပါလက်စတိုင်း အကျဉ်းသားတစ်ဦးဖြစ်သည်။

အယ်လ်ခိုင်ဇီစီးနင်းလိုက်ပါလာသောကား မီးမလောင်မီ အစ္စရေးလ်ဒရုန်းလေယာဉ်တစ်စီး ပျံဝဲနေခဲ့သည်ကို တွေ့ရ ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ ထို့နောက် အယ်လ်ခိုင်ဇီ၏ကား မီးလောင်ပေါက်ကွဲပြီး ခိုင်ဇီ၏ ခေါင်း ပြတ်ထွက်သွားကြောင်း မျက်မြင်သက်သေများက ပြောသည်။

`သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်က အီဂျစ်နယ်စပ်အနီး ကားလမ်းမပေါ်က တိုက်ခိုက်မှုမှာ အစ္စရေးလ် ရှစ်ဦးနဲ့ အစ္စရေးလ်စစ်သား ၂၅ ဦးသေဆုံးခဲ့ရမှုအတွက် လက်သည်တရားခံတွေ ဖြစ်တဲ့အကြောင်း အစ္စရေးလ် စစ်တပ်က ပြောပါတယ်။´ အယ်ဂျာဇီယာသတင်းထောက် ပေါလ်ဘရန်နန်က ဂျေရုစလင်မြို့မှ သတင်းပေးပို့ခဲ့သည်။

`ဇူဟဲ အယ်လ်ခိုင်ဇာနဲ့ မာမွတ်အယ်လ်-ဟန်နန်နီတို့က ဒီတိုက်ခိုက်မှုကို စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ တိုက်ခိုက်မှုမျိုးတွေလည်း ဒီလူနှစ်ယောက်က လုပ်ဆောင်နေတဲ့အတွက် လေကြောင်းကနေ သူတို့ကို တိုက်ခိုက်ခဲ့ရတာပါလို့ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။´

အစ္စလာမ္မစ်ဂျီဟက်အဖွဲ့က သေဆုံးသူများထဲမှ သုံးဦးမှာ သူတို့၏ အယ်လ်-ခက်စ်လက်နက်ကိုင်တပ်ဖွဲ့မှ အဖွဲ့ဝင် များဆိုသည်။ အယ်လ်-ခက်စ်အဖွဲ့သည် အစ္စရေးလ်၏ ပါလက်စတိုင်းနယ်မြေအတွင်းကျူးကျော်မှုများကို ဆန့်ကျင် တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။ သူတို့အဖွဲ့မှ အိုဘီအစ် အယ်-ဂါရက်ဘလီ၊ မိုဟာမက် ဟာရာရာ၊ ဟာဇမ်ခိုရီခါ နှင့် ရှာဒီဆီကာလီ တို့ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှုအတွင်းသေဆုံးခဲ့ရကြောင်း ဆိုသည်။

ထို့ပြင်နောက်ထပ်အဖွဲ့ဝင်နှစ်ဦးဖြစ်သော ဖေးယက်ဆာလက်နှင့် မိုတာဆမ်ဟာဂျာ တို့လည်း အခြားတိုက်ခိုက်မှုတစ် ခုအတွင်း သေဆုံးခဲ့ရကြောင်း ဆိုသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။