Monday, March 26, 2012

ယီမင်သတင်းထောက်ကို အိုဘားမားထောင်ချထားခြင်း (မှတ်တမ်းသတင်းဗွီဒီယို)






အယ်ဂျာဇီယာ သတင်းဌာန၏ Listening Post ကဏ္ဍအနေနှင့် သတင်းသမားတစ်ဦး၏ အကြောင်းကို သီးသန့်ဖေါ်ပြ ခြင်းဖြစ်ရပ်မှာ အလွန်ရှားရှားပါးပါးပင်ဖြစ်သည်။ သို့သော် ကမ္ဘာ့သမိုင်းတွင် ရေးသားမှတ်တမ်းတင်ရမည့်အရာများ၊ ဖြုတ်နှုတ်ပစ်ရမည့်အရာများ စသည်ဖြင့် ခွခြမ်းစိတ်ဖြာကြည့်ပြီးနောက် ယခုတင်ပြမည့် အကြောင်းအရာကို လစ်လျူရှု၍မရသော အကြောင်းအရာတစ်ခုအနေဖြင့် တင်ပြလိုက်ပေသည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ယီမင်တောင်ပိုင်း အာဗျန်ပြည်နယ်ရှိ အယ်ကေဒါတည်ထောင်ထားသော အကြမ်းဖက်သမားလေ့ကျင့်ရေးစခန်းကို ယီမင်လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်သမား အယောက် ၃၀ ခန့်သတ်ဖြတ်ခဲ့ကြောင်း ကြေငြာခဲ့သည်။

ကမ္ဘာကိုလည်း ဤအတိုင်းပင်ကြေငြာခဲ့လေသည်။ သို့သော် ယီမင်သတင်းထောက် အဘ္ဘဒူလာဟိုင်ဒါရှာယီသည် အကြမ်းဖက်စခန်းဟု ဆိုသော ယီမင်လေတပ်မှ ဗုံးကြဲခဲ့သည့် နေရာသို့သွားရောက်ခဲ့သည်။ ဤတွင် ဗုံးစ၊ ဗုံးနများပေါ်၌ `Made in USA´ ဆိုသော စာသားကိုတွေ့ရပြီး သေဆုံးသူများမှာလည်း အမျိုးသမီး ၁၄ ဦးနှင့် ကလေးငယ် ၂၁ ဦး ဖြစ်ကြောင်း သိရှိရလေတော့သည်။

ရှာယီက ဤအကြောင်းကို သတင်းရေးသားပြီး အမေရိကန်စစ်တပ်မှ ရာဇ၀တ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ပြောဆို သည့်အခါ အမေရိကန်က တွင်တွင်ငြင်းလေသည်။ ယီမင်အစိုးရကလည်း သတင်းကို လက်မခံဘဲ အမေရိကန်က လည်း ရေငုံနှုတ်ပိတ်နေ၏။ ထို့နောက်ရှာယီကို ပစ်မှတ်ထားကာ အပြစ်ရှာတော့သည်။ အယ်ကေဒါနှင့် အဆက် အသွယ်ပြုသည်ဟု စွပ်စွဲကာ ထိုအချိန်မှ စ၍ထောင်ချထားလိုက်တော့သည်။

လွန်ခဲ့သောလက ယီမင်သမ္မတက ရှာယီကိုလွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး လွှတ်တော့မည့်ဆဲဆဲတွင် အမေရိကန် သမ္မတဘားရက်အိုဘားမားကိုယ်တိုင် ဖုန်းဆက်ကာ ပြန်လည်စဉ်းစားသင့်ကြောင်း ပြောဆိုလိုက်သော အခါ ယီမင် အစိုးရလည်း ရှာယီကို လွှတ်ပေးရန်ကိစ္စ နောက်ဆုတ်လိုက်တော့သည်။

ယခုအပတ် Listening Post တွင် အယ်ဂျာဇီယာသတင်းဌာနမှ ရှာယီ၏ အမှုကို သေသေချာချာလေ့လာစုံစမ်းခဲ့ သည်။
ရှာယီအကြောင်းကို ယီမင်နိုင်ငံတွင် သွားရောက်စုံစမ်းခဲ့ပြီး အမေရိကန်တွင် ပြန်လည်ရေးသားဖေါ်ပြခဲ့သူ The Nation သတင်းစာ သတင်းထောက် ဂျရမီစကာဟီးလ်ကို အယ်ဂျာဇီယာမှ မေးမြန်းခဲ့ရာတွင် အမေရိကန်အနေနှင့် အာဏာရှင်အစိုးရကို ထောက်ပံ့ပေးပြီး သတင်းထောက်တစ်ဦးကို ထောင်တွင်း၌ထည့်ထားသည့် ဖြစ်ရပ်အတွက် ရှက်မိကြောင်း၊ အလွန်အန္တရာယ်များသော်လည်း လူထုသိသင့်သည့် ကိစ္စများကို သက်စွန့်ဆံဖျားသတင်းလိုက်၍ တင်ပြပေးနေသော သတင်းထောက်များကို ထောင်ချခြင်း သည် ဤသတင်းများကိုပါ အမှောင်ချလိုက်ခြင်းဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံများကသာ သတင်းလောကတွင် လွှမ်းမိုး၍ အင်အားနည်းသူများက ဘာမှ ပြောခွင့်ဆိုခွင့်မရသော အခြေအနေဆိုက်ရောက်နေကြောင်း၊ ရှာယီကဲ့သို့သော သတင်းထောက်များအတွက် သူတို့အလုပ်လုပ်နေသော သတင်းဌာနကြီးများက အကာအကွယ်မပေးနိုင်၊ မတရားလုပ်ကြံထောင်ချထားခြင်းသည် တရားမျှတမှုမရှိကြောင်း သူ့အမြင်များကို ပြောကြားသွားသည်။

ဤတွင် နိုင်ငံရေး လုပ်ဇါတ်များနှင့်ပတ်သက်ပြီး ဖေါ်ထုတ်ခြင်း၊ အကြမ်းဖက်မှုနှိမ်နင်းရေးဟု အမည်ပေးထား သော ကိစ္စများတွင် သတင်းယူခြင်း တို့မှာ အလွန်အန္တရာယ်များကြောင်း နားလည်ရလေသည်။ ထို့ပြင် သတင်းထောက်များအား သတ်ဖြတ်ခြင်း၊ မဟုတ်မတရားစွပ်စွဲထောင်ချခြင်းများ ဖြစ်ပျက်နေသည့်အပေါ်တွင် ကမ္ဘာ က အာရုံစိုက်မှုနည်းပါးခြင်းတို့ကြောင့် သတင်းထောက်များမှာ သားကောင်ဘ၀ကျရောက်ရလျက်ရှိလေသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။