Wednesday, March 28, 2012

မာလီအာဏာသိမ်းခေါင်းဆောင်များကို အိမ်နီးချင်းနိုင်ငံများ ခြိမ်းခြောက်


မာလီအာဏာသိမ်းခေါင်းဆောင်များအား ဖြုတ်ချရန် အိမ်နီးချင်းနိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်ပြီး စစ်အင် အားအသုံးပြုမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုလိုက်ပြီး အရပ်ဘက်သို့အာဏာပြန်လည်လွှဲပြောင်းပေးရန် တောင်း ဆိုလိုက်သည်။

အနောက်အာဖရိကနိုင်ငံများစီးပွားရေးအဖွဲ့ (ECOWAS) ၏ အင်္ဂါနေ့က ကျင်းပသော ထိပ်သီးစည်းဝေးပွဲတွင် လာမည့်ရက်များမကြာမီတွင် မာလီအာဏာသိမ်းခေါင်းဆောင်များထံသို့ ECOWAS ၏ခေါင်းဆောင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်ကာ ထိပ်တိုက်တွေ့ဆုံပြောဆိုမည်ဖြစ်ကြောင်း ဆိုသည်။

ယင်းကိုယ်စားလှယ်အဖွဲ့တွင် အိုင်ဗရီကို့စ်၊ ဘီနင်၊ ဘာကီနာဖက်စ်ကို၊ နိုင်ဂျာနှင့် လိုက်ဘေးရီးယားတို့မှ ကိုယ်စား လှယ်များပါဝင်မည်ဖြစ်ကြောင်း အိုင်ဗရီကို့စ်စီးပွားရေးမြို့တော် အဘိုင်ဂျန်တွင်ကျင်းပသော ထိပ်သီးစည်းဝေးပွဲအပြီး ကြေငြာချက်တွင် ဖေါ်ပြခဲ့လေသည်။
`ECOWAS ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖေါ်ဖို့အတွက် ထိပ်သီးခေါင်းဆောင်တွေက ဖိအားပေး ဖို့ ပြင်ဆင်နေပါတယ်။´ ဟု ကြေငြာချက်တွင်ပါရှိလေသည်။ မာလီအာဏာသိမ်းခေါင်းဆောင်များကို ပစ်မှတ်ထား၍ ခရီးသွားလာခွင့်၊ ဘဏ္ဍာရေးနှင့် သံတမန်အဆက်အဆံများ ဖြတ်တောက်ပိတ်ဆို့မည်ဖြစ်ကြောင်း ဆိုသည်။

သို့သော် စစ်ရေးအရ တိုက်ခိုက်အရေးသွားရန်ပြောဆိုခဲ့ခြင်းမရှိပေ။ ECOWAS နိုင်ငံများအနေနှင့် ညွန့်ပေါင်းတပ်မ တော် တစ်ရပ်ဖွဲ့စည်းထားခြင်းမရှိပေ။ လိုအပ်လျင် အဖွဲ့ဝင်နိုင်ငံများမှ စစ်တပ်များကို စုပေါင်းတိုက်ခိုက်စေမည် ဖြစ် သည်။ တစ်ရက်ကြာကျင်းပသော ထိပ်သီးစည်းဝေးပွဲမှ မာလီအား အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန်သဘောတူညီခဲ့ပြီး ပြင်သစ်၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့မှ ပေးအပ်နေသော အကူအညီများအားလုံး ဖြတ်တောက်လိုက်ပြီဖြစ် သည်။

အာဏာသိမ်းခေါင်းဆောင် အမိုဒူဆန်နိုဂိုနှင့် အယ်ဂျာဇီယာအင်တာဗျူးရာတွင် သမ္မတသည် နိုင်ငံတော်ကိုကာကွယ် နိုင်စွမ်းမရှိသဖြင့် အာဏာသိမ်းခဲ့ရကြောင်း ကာကွယ်ပြောဆိုခဲ့သည်။ မြောက်ပိုင်း တူအာရက်သူပုန်များနှင့် ပတ်သက်ပြီး ယခင်အစိုးရ၏ ကိုင်တွယ်ပုံညံ့ဖျင်းမှုကိုလည်း ဝေဖန်ပြောဆိုခဲ့သည်။
နိုင်ငံတကာမှ အပြင်းအထန်ဝေဖန်မှုများကို ရင်ဆိုင်နေရသော်လည်း သူအာဏာသိမ်းခဲ့ရသည့် အကြောင်းရင်းများ ကိုမူ နိုင်ငံတကာမှ လက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆန်နိုဂိုက ဆိုသည်။

လွန်ခဲ့သောအင်္ဂါနေ့က စစ်အစိုးရက ပါတီစုံဒီမိုကရေစီဖြစ်ပေါ်ရေးအတွက် ရေးဆွဲထားသော `အခြေခံဥပဒေ´ တစ်ရပ်ကို ဖတ်ရှုကြေငြာခဲ့သည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာသိမ်းပြီးချိန်မှ စ၍ ရပ်စဲထားလိုက်ပြီး ဥပဒေသစ်အနေနှင့် လူ့အခွင့်အရေးပိုမိုပြည့်ဝစေမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ တစ်ဆင့် စစ်သားတစ်ဦး က ကြေငြာခဲ့သည်။

စစ်အစိုးရအဖွဲ့ဝင်များအနေနှင့် ဥပဒေပြုရေးနှင့် သမ္မတရွေးကောက်ပွဲများတွင် ပါဝင်ရွေးချယ်ခွင့်မရှိကြောင်းလည်း ကြေငြာခဲ့သည်။ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကိုမူ ဖေါ်ပြထားခြင်းမရှိသော်လည်း အာဏာသိမ်းစဉ်က ထုတ်ပြန်ထားသော ကာဖျူးအမိန့်ကိုမူ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။