Wednesday, March 14, 2012

သီရိလင်္ကာတွင် လူ့အခွင့်အရေးချိုးဖေါက်မှုများဖြစ်ပွားလျက်ရှိ


သီရိလင်္ကာနိုင်ငံတွင် ရာနှင့်ချီသော အကျဉ်းသားများကို တရားမ၀င်ချုပ်နှောင်ထားပြီး နှိပ်စက်ညှဉ်းပမ်းမှုများ၊ ကွပ်မျက်မှုများဖြစ်ပွားနေကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက စွပ်စွဲပြောဆိုလိုက်ပြီး ၂၆ နှစ်တာ ပြည်တွင်းစစ်ကာလအတွင်းနှင့် ပြည်တွင်းစစ်ပြီးနောက်လူ့အခွင့်အရေးချိုးဖေါက်မှုများအား စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုတိုက်တွန်းလိုက်သည်။
`ချုပ်နှောင်ခြင်း။ သီရိလင်္ကာ စစ်တပ်မှ ဖမ်းဆီးထားသူများ။´ ဟူသော ခေါင်းစဉ်ဖြင့် အစီရင်ခံစာတွင် တရားမ၀င် ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးခံထားရစဉ် ပျောက်ဆုံးနေခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း၊ သီရိလင်္ကာတွင် အခွင့်အရေးများချိုးဖေါက်နေခြင်းအပေါ် တစ်စုံတစ်ရာစုံစမ်းစစ်ဆေးခံရခြင်း၊ အရေးယူခံရခြင်းများမှ လည်း ကင်းလွတ်နေသေးကြောင်း ဆိုသည်။

စစ်ရာဇ၀တ်မှုများ ကျူးလွန်နေခြင်းအပေါ် စုံစမ်းစစ်ဆေးအရေးယူခြင်းများမရှိသည့် အတွက် အစိုးရ စစ်တပ်မှ ကျူးလွန်သူများသည် ပြစ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့်ရနေကြောင်း အစီရင်ခံစာက ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းထားသူ အများစုမှာ တမီလ်ကျားသူပုန်များနှင့် ကာလကြာပြည်တွင်းစစ်ဆင်နွှဲနေစဉ်ကာလအတွင်း သီရိလင်္ကာအစိုးရက ပြဋ္ဌာန်းထားသော အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေအရ ဖမ်းဆီးခြင်းခံထားရသူများဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အစိုးရက အပြင်းအထန်ထိုးစစ်ဆင်နွှဲပြီး ကျားသူပုန်များကို ချေမှုန်းခဲ့လေသည်။

တမီလ်ကျားသူပုန်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော သူပုန် ၇၅၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး ဂါမီနီလက်ခ်ရှမန်က မကြာသေးမီက ထုတ်ပြန်ကြေငြာခဲ့သည်။

သီရိလင်္ကာတွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အမေရိကန်ကျောထောက်နောက်ခံပြု ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် နောက်အပတ်အတွင်း မဲခွဲဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ရသည်။

ဗြိတိန် ရုပ်သံအမှတ် ၄ လိုင်းတွင် ဗုဒ္ဗဟူးနေ့က သီရိလင်္ကာစစ်ရာဇ၀တ်မှုများအား မှတ်တမ်းတင်ထားသော မှတ်တမ်းရုပ်ရှင်တစ်ကား ထုတ်လွှင့်ခဲ့ပြီး အစိုးရဘက်တော်သား စစ်ရာဇ၀တ်သားများသည် ယခုအခါ အစိုးရအတွင်း အကြီးတန်းရာထူးများတွင် တာဝန်ထမ်းဆောင်နေကြကြောင်း ဖေါ်ပြထားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။