Monday, March 5, 2012

လစ်ဗျားတွင် ဗြိတိသျှစစ်သဂြိုင်း ဖျက်ဆီးခံရ


လစ်ဗျား ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့သော ဗြိတိသျှဓနသဟာယနိုင်ငံမှ စစ်သားများနှင့် အီတလီစစ်သားများ အမှတ်တရထားရှိရာ ဘန်ဂါဇီမြို့ စစ်သဂြိုင်းမှ ကမ္ဗည်းကျောက်တိုင်များကို လစ်ဗျားနိုင်ငံသားလက်နက်ကိုင်အုပ်စု တစ်စုက ၀င်ရောက်ဖျက်ဆီးခဲ့သည့်အတွက် လစ်ဗျားလက်ရှိအာဏာပိုင်များက တောင်းပန်မှုပြုခဲ့သည်။

အပျော်တမ်းကင်မရာဖြင့်ရိုက်ကူးထားသော ဗီဒီယိုဖိုင်တစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာတွင်တင်ထားပြီး လက်နက်များ ကိုင်ဆောင်ထားသောလူတစ်စုက ကမ္ဗည်းကျောက်စာတိုင်များကို ကန်ကျောက်ဖြိုလှဲခြင်း၊ ပေါင်တူများဖြင့် လက်ဝါး ကပ်တိုင်ကို ထုချေနေခြင်းများပြုလုပ်နေကြောင်း တွေ့ရှိရလေသည်။
တစ်ယောက်က ကျောက်စာတိုင်တစ်ခုကို ဖြိုဖျက်နေစဉ်တွင် `ဒါ ခရစ်ယာန်သဂြိုင်းကွ။´ ဟု အော်ဟစ်ပြောဆိုနေ သည်ကိုလည်း ကြားရသည်။ နောက်တစ်ယောက်က သဂြိုင်းအတွင်း မြှုပ်နှံထားသူများကို ´ခွေးကောင်တွေ´ ဟု ပြောဆိုနေသည်ကိုလည်းကြားရသည်။

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့အနီးတွင် ၁၉၃၉-၄၅ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်များနှင့် ဗြိတိသျှစစ်တပ်များနှင့် ဂျာမန်နှင့် အီတလီတပ်များ အပြင်းအထန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။
လစ်ဗျားအမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC) က ယင်းကိစ္စတွင် တာဝန်ရှိသူများကို စုံစမ်းဖေါ်ထုတ်သွားမည်ဟု ဆိုသည်။
`စစ်သဂြိုင်းကိစ္စနဲ့ပတ်သက်ပြီး အထူးသဖြင့် ဗြိတိန်နဲ့ အီတလီကျဆုံးစစ်သည်များမြှုပ်နှံထားတဲ့ နေရာကို ဖျက်ဆီးခြင်းခံရတဲ့အတွက် NTC ကတောင်းပန်ပါတယ်။ ဒီကိစ္စက အစ္စလာမ်ထုတစ်ရပ်လုံးနဲ့ မသက်ဆိုင်ပါဘူး။´ ဟု ဆိုသည်။
`ဒီကိစ္စကို NTC က တာဝန်ယူစုံစမ်းပြီး လစ်ဗျားဥပဒေနဲ့ အညီ ကျူးလွန်သူတွေကို အပြစ်ပေးပါမယ်။ လစ်ဗျားပြည်သူလူထုတစ်ရပ်လုံးနဲ့တော့ ဒီကိစ္စက မသက်ဆိုင်ပါဘူး။ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပေမယ့်လည်း အခြားဘာသာတရားတွေကိုလည်း ကျွန်တော်တို့ လေးစားပါတယ်။´ ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်အတွင်းက မြောက်အာဖရိကဒေသတွင် ကျဆုံးခဲ့သော ဗြိတိသျှနှင့် ဓနသဟာယနိုင်ငံများ စစ်သည် ၁,၂၁၄ ဦးကိုလည်း ဘင်ဂါဇီစစ်သဂြိုင်းအတွင်း မြှုပ်နှံထားရှိလေသည်။ စုစုပေါင်း ကျောက်စာတိုင် ၂၀၀ ခန့်ပျက်စီးခဲ့ရ သည်။

ကျောက်စာတိုင် ၁,၀၅၁ ခုတွင် ၈၅၁ ခုမှာ ဗြိတိသျှစစ်သားများဖြစ်ပြီး ကျန်ကျောက်စာတိုင်များမှာ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ တောင်အာဖရိကနှင့် အိန္ဒိယ စစ်သားများဖြစ်ကြသည်။

တနင်္လာနေ့က သြစတြေးလျအစိုးရက ယင်းကိစ္စသည် `အလွန်တုန်လှုပ်ဖွယ်ဖြစ်ပြီး ရွံရှာဖွယ်ဖြစ်ကြောင်း´ နှင့် သြစတြေးလျစစ်သားအုတ်ဂူကျောက်စာတိုင်များပျက်စီးသွားခြင်းရှိ၊ မရှိ စုံစမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
`ဒီကိစ္စကြောင့် ကျွန်တော်တို့ သြစတြေးလျ အစိုးရအနေနဲ့ တုန်လှုပ်ရွံရှာမိပါတယ်။ ပြီးတော့ အကြွင်းမဲ့ ရှုံ့ချလိုက်ပါတယ်။´ ဟု သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂျီးလတ်က အေဖက်ပီသတင်းဌာနသို့ပြောကြားခဲ့သည်။
`အဖြစ်အပျက်က တကယ်မှန်ကန်တယ်ဆိုရင် ဒီကိစ္စမှာ ကျူးလွန်သူတွေကို ဖေါ်ထုတ်အရေးယူပေးဖို့ လစ်ဗျား လက်ရှိကြားဖြတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။` ဟု ဆို၏။

ဘန်ဂါဇီအနီး ဗြိတိသျှစစ်သဂြိုင်းတွင်လည်း အုတ်ဂူကျောက်စာတိုင် လေးပုံတစ်ပုံခန့်ပျက်စီးခဲ့သည်။ ထို့နောက် ထရီပိုလီရှိ ဗြိတိသျှသံရုံးမှ တာဝန်ရှိသူများ စစ်သဂြိုင်းရှိရာသို့သွားရောက်ခဲ့ပြီး လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးထံသို့ တင်ပြထားကြောင်း သံရုံးပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ယခုအဖြစ်အပျက်သည် အာဖဂန်တွင် နေတိုးတပ်ဖွဲ့များက အစ္စလာမ်ကိုရမ်ကျမ်းစာအုပ်များကို မီးရှို့ခဲ့သည့် ဖြစ်ရပ် နှင့် ဆက်စပ်မှုရှိသည့် အရိပ်လက္ခဏာမတွေ့ရကြောင်း ဆိုသည်။
`အဲဒီအုပ်စုကပဲ မွတ်စလင်ဘုရားကျောင်းတစ်ခုကို ဖျက်ဆီးခဲ့တဲ့ အကြောင်း ကျွန်တော်တို့ ကြားသိရပါတယ်။ နောက်ထပ်ဖျက်ဆီး တိုက်ခိုက်မှုတွေ ထပ်မဖြစ်ရအောင် လစ်ဗျားအစိုးရက ရဲတွေကို ကြပ်ကြပ် မတ်မတ်ကင်းလှည့်နေကြဖို့ တိုက်တွန်းထားပါတယ်။´ ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ဓနသဟာယစစ်သဂြိုင်းကော်မစ်ရှင်၏ ၀က်ဘ်ဆိုက်တွင် ဘန်ဂါဇီစစ်သဂြိုင်းနှင့် ဘန်ဂါဇီအနီး ဗြိတိသျှစစ်သဂြိုင်းတို့ ဖျက်ဆီးဖြင်းခံရကြောင်း ရေးသားဖေါ်ပြထားသည်။
`ကမ္ဗည်းကျောက်စာတိုင်တွေ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ပျက်စီးကုန်ပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ကျွန်တော်တို့ စုံစမ်းနေပါတယ်။´
`သဂြိုင်းနှစ်ခုစလုံးကအပျက်အစီးတွေကို ပြန်လည်ပြုပြင်သွားပါမယ်။ ဒါပေမယ့် အချိန်တော့ အနည်းငယ် ယူရပါဦးမယ်။´ ဟု ကော်မစ်ရှင် ၀က်ဘ်ဆိုက်တွင် ရေးသားထားသည်။

လက်ရှိ အုပ်ချုပ်ရေးတာဝန်ယူထားသော အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ NTC သည် ကဒါဖီကို ဖြုတ်ချ ရေးတွင် အကူအညီပေးခဲ့သည့် အနောက်နိုင်ငံများနှင့် အလွန်နီးနီးစပ်စပ် ဆက်ဆံလျက်ရှိသည်။

သို့သော် အစွန်းရောက် မွတ်စလင်အချို့ကမူ မွတ်စလင်မဟုတ်သည့် နိုင်ငံခြားသားများ ရှိနေမှုကို မလိုလားပေ။ ကဒါဖီကို တော်လှန်တိုက်ခိုက်စဉ် သြဂုတ်လမှ စ၍ လက်နက်ကိုင်တပ်ဖွဲ့များဖွဲ့စည်းတည်ထောင်ခဲ့ကြလေသည်။ ထရီပိုလီအစိုးရသည် ယင်းလက်နက်ကိုင်အုပ်စုများကို ထိန်းသိမ်းနိုင်ရန် လုံးပမ်းနေရလေသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။