Monday, March 26, 2012

ဆီးရီးယားအရေး ရုရှပြောဆို


ရုရှသမ္မတ ဒမစ်ထရီမက်ဗီဒက်က ကိုဖီအာနန်၏ ဆီးရီးယားငြိမ်းချမ်းရေးအစီအစဉ်ကို မော်စကိုအစိုးရက အပြည့်အ၀ထောက်ခံပြီး ဆီးရီးယားပြည်တွင်းစစ် ရပ်ဆိုင်းရေးအတွက် နောက်ဆုံးအခွင့်အရေးပင်ဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။
`ဒါ ဆီးရီးယားမှာ ဖြစ်နေတဲ့ သွေးထွက်သံယို ပြည်တွင်းစစ်ရပ်ဆိုင်းရေးအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်ပါတယ်။´ ဟု မက်ဗီဒက်နှင့် ကိုဖီအာနန်တနင်္ဂနွေနေ့တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က `နှစ်ဘက်စလုံးက အကြမ်းဖက်နေမှုတွေရပ်ဆိုင်းရေး နဲ့ နိုင်ငံရေးတွေ့ဆုံစကားပြောပွဲ ကျယ်ကျယ်ပြန့်ပြန်ဖြစ်ပေါ်လာရေးအတွက် သမ္မတက အထူးအလေးအနက်ထား ပြောကြားသွားပါတယ်။ ကိုဖီအာနန်ကိုလည်း အစိုးရနဲ့ရော အတိုက်အခံနဲ့ပါ တက်တက်ကြွကြွအလုပ်လုပ်ဖို့ တိုက် တွန်းပြောဆိုသွားပါတယ်။´ ဟု ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ကိုဖီအာနန်အား ထောက်ခံမှုပေးအလုပ်လုပ်ရာတွင် ပါဝင်သောနိုင်ငံများအနေနှင့် ဆီးရီးယား၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးနှင့် အစိုးရနှင့် အတိုက်အခံကြား ထိပ်တိုက်တွေ့ဆုံစေမည့် အပြုအမူများအား ရှောင်ရှား ကြရန် လာဗရော့ဗ်က ပြောဆိုခဲ့သည်။ အမေရိကန်သမ္မတ၏ ဆီးရီးယားအတိုက်အခံများအား လက်နက်မဟုတ် သော အခြားပစ္စည်းများအကူအညီပေးရေး တောင်းဆိုချက်ပေါ်ထွက်လာပြီးနောက် ရုရှက ဤသို့သတိပေးစကား ပြောကြားခဲ့ခြင်းဖြစ်သည်။ အနောက်အုပ်စုက ဆီးရီးယားသမ္မတအာဆက်ကို ရာထူးမှဆင်းပေးရန် တောင်းဆိုနေခြင်း အပေါ် ရုရှက အပြင်းအထန်ဝေဖန်ရှုံ့ချခဲ့ပြီး အထက်ပါအကူအညီပေးရေးကိစ္စကို ပြောဆိုလာသောအခါ ရုရှအနေနှင့် မခံမရပ်နိုင်ဖြစ်ခဲ့သည်။

ဆိုးလ်မြို့တွင်ကျင်းပသော နျူကလီးယားထိပ်သီးစည်းဝေးပွဲမတိုင်မီ အိုဘားမားနှင့် တူရကီသမ္မတ ရီဆက်တေယစ် အာဒိုဂန်တို့တွေ့ဆုံခဲ့ပြီး ဆီးရီးယားတွင် တရားဝင်အစိုးရတစ်ရပ်ပေါ်ပေါက်လာရေးအတွက် လုပ်ငန်းစဉ်တစ်ရပ်ရှိသင့် ကြောင်း သဘောတူညီခဲ့ကြသည်ဟု သိရသည်။

အမေရိကန်လုံခြုံရေးဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက ဆီးရီးယားသို့ ဆေးဝါးနှင့် အစားအသောက်ကူညီရေးအစီ အစဉ်များသည် ဧပြီလ ၁ ရက်နေ့တွင် အီစတန်ဘူလ်တွင် ကျင်းပမည့် `ဆီးရီးယား မိတ်ဆွေများ´ အစည်းအဝေးတွင် ပါဝင်သည့် စည်းဝေးပွဲအစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ဆိုသည်။

ရုရှနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် ဆီးရီးယားအရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံးကာ ပယ်ရှားထားသည့် နိုင်ငံများဖြစ်သည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။