Tuesday, March 20, 2012

မြောက်ကိုရီးယားက IAEA ကို ဖိတ်ခေါ်


လွန်ခဲ့သောသုံးနှစ်က နျူကလီးယားစုံစမ်းစစ်ဆေးရေးကုလသမဂ္ဂအဖွဲ့များကို ဒုတိယအကြိမ်မြောက်နှင်ထုတ်ပြီး နောက် ယခုအခါ မြောက်ကိုရီးယားက စုံစမ်းစစ်ဆေးရေးအဖွဲ့များကို ပြန်လည်ဖိတ်ခေါ်ထားကြောင်း ကုလသမဂ္ဂက တနင်္လာနေ့က ပြောကြားခဲ့သည်။

ဗီယင်နာအခြေစိုက်ကုလလက်အောက်ခံအဖွဲ့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IAEA)က ဖိတ်ကြားချက်ကို မတ်လ ၁၆ ရက်နေ့က လက်ခံရရှိခဲ့ကြောင်း၊ သို့သော် အချက်အလက်အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။
`သွားရောက်ရမယ့် အစီအစဉ်အသေးစိတ်ကို မြောက်ကိုရီးယား၊ အခြားနိုင်ငံတွေနဲ့ ကျွန်တော်တို့ ဆွေးနွေး ရပါဦးမယ်။´ ဟု IAEA ပြောရေးဆိုခွင့်ရှိသူ ဂီးလ်တူဒါက အီးမေးလ်ပေးစာတွင် ရေးသားထားသည်။

ဝါရှင်တန်နိုင်ငံခြားရေးဝန်ကြီးဌာနက IAEA သွားရောက်မည့် အစီအစဉ်အတွက် ထောက်ခံကြောင်း၊ ဖေဖေါ်ဝါရီ ၂၉ ရက် နျူကလီးယားသဘောတူညီချက်များကို မြောက်ကိုရီးယားက လိုက်နာခြင်းရှိ၊ မရှိ IAEA ကလေ့လာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

လွန်ခဲ့သောလက ၀ါရှင်တန်နှင့် ပြုံယမ်းတို့တွေ့ဆုံဆွေးနွေးခဲ့ပြီးမြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုများရပ် ဆိုင်းထားရေး၊ တာလတ်-တာဝေးပစ်ဒုံးကျည်များစမ်းသပ်မှုရပ်ဆိုင်းထားရေး၊ ယူရေနီယံသန့်စင်မှုရပ်ဆိုင်းထားရေး၊ IAEA အဖွဲ့ကို နိုင်ငံတွင်းပြန်လည်ဝင်ရောက်လေ့လာခွင့်ပြုရေး စသည့်အချက်များကို မြောက်ကိုရီးယားက လက်ခံရ မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် စားနပ်ရိက္ခာအကူအညီပေးရေး အတွက် သဘောတူညီခဲ့ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးပျံတစ်စင်းပစ်လွှတ်စမ်းသပ်မည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့ရာ အထက်ပါ ဖေဖေါ်ဝါရီ ၂၉ သဘောတူညီချက်ကို ချိုးဖေါက်ရာရောက်ကြောင်း ၀ါရှင်တန်က ပြောကြား ခဲ့သည်။

သို့သော် ပြုံယမ်းက ကွယ်လွန်သူ ကွန်မြူနစ်နိုင်ငံတော်တည်ထောင်ခဲ့သူ ခေါင်းဆောင်ကြီး ကင်အီဆွန်း အသက် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂြိုလ်တုတစ်လုံးတင်ဆောင်ကာ တိုက်ချင်းပစ်ဒုံးပျံတစ်စင်း ပစ်လွှတ်မည်ဟု ကြေငြာခဲ့သည့် တစ်ရက်တည်းမှာပင် IAEA လာရောက်လေ့လာရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာမှ ဝေဖန် ရှုံ့ချခဲ့ကြသည်။

`IAEA ၀င်ရောက်ခွင့်ရတယ်ဆိုတာ ကျွန်မတို့အတွက် အကောင်းပါပဲ။ ဒါပေမယ့် ဒုံးကျည်ပစ်လွှတ်မယ့် အစီအစဉ် ကတော့ ကျွန်မတို့နဲ့ သဘောတူထားတဲ့ အချက်တွေကို ဖေါက်ဖျက်ရုံမက ကုလသမဂ္ဂဆုံးဖြတ်ချက်ကိုလည်း ဖေါက်ဖျက်တာဖြစ်ပါတယ်။´ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဗစ်တိုးရီးယားနုလန်းက တနင်္လာနေ့က ဆိုသည်။

ပြိုင်ဘက်တောင်ကိုရီးယားက မြောက်ကိုရီးယား၏ လုပ်ရပ်ကို `ရန်စသောလုပ်ရပ်´ ဖြစ်ကြောင်း ပြောဆိုရှုံ့ချလိုက် ပြီး နျူကလီးယားလက်နက် တင်ဆောင်ပစ်ခတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုလိုက်လေသည်။

ဂျပန်ကျိုဒိုသတင်းစာက မြောက်ကိုရီးယားက ၎င်း၏ ယူရေနီယံသန့်စင်မှုရပ်ဆိုင်းထားရေးသဘောတူညီချက်နှင့် ပတ်သက်ပြီး လိုက်နာခြင်းရှိ၊ မရှိ IAEA ကိုယ်စားလှယ်များ လာရောက်လေ့လာရန် ဖိတ်ကြားထားပြီးဖြစ်ကြောင်း မြောက်ကိုရီးယား အကြီးတန်အရာရှိတစ်ဦးက ပြောဆိုလိုက်ကြောင်း ရေးသားဖေါ်ပြလိုက်သည်။

သို့သော် ဗီယင်နာအခြေစိုက် သံတမန်အသိုင်းအ၀ိုင်းက မြောက်ကိုရီးယားက ဖိတ်ခေါ်ခြင်းမှာ သဘောတူညီချက်ကို ဆွေးနွေးရန်သာဖြစ်ပြီး လိုက်နာခြင်းရှိ၊ မရှိ စောင့်ကြည့်ရန် ဖိတ်ခေါ်ခြင်းမဟုတ်ကြောင်း ဆိုသည်။

မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်ပြီးဖြစ်သည်။ သို့သော် ဒုံးကျည်ထိပ်ဖူးတွင် တင်ဆောင်ပစ်ခတ်နိုင်သည့် အနေအထားမျိုးမြောက်ကိုရီးယားတွင် မရှိနိုင်သေးဟု ကျွမ်းကျင်သူများက သုံးသပ် ထားကြသည်။

ပြုံယမ်းတွင် နျူကလီးယားဗုံး ၁၂ လုံးခန့်ထုတ်လုပ်နိုသည့် အင်အားရှိကြောင်း၊ ၂၀၁၀ ခုနှစ်က နျူကလီးယား လက်နက် ပြုလုပ်ရန် ဒုတိယအဆင့်ဖြစ်သော သန့်စင်ပြီး ယူရေနီယံများအကြောင်း ထုတ်ဖေါ်ပြသခဲ့သည်။

၁၉၉၄ ခုနှစ် ပြုံယမ်းနှင့် ၀ါရှင်တန်သဘောတူညီချက်အရ စေလွှတ်ခဲ့သော IAEA ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားက နှင်ထုတ်ခဲ့ဖူးသည်။ ၂၀၀၅ ခုနှစ် စားနပ်ရိက္ခာအကူအညီပေးရေးအစီအစဉ် အလဲအလှယ်အရ သွားရောက်ခဲ့သော IAEA ကိုယ်စားလှယ်အဖွဲ့ကို ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက နှင်ထုတ်ခဲ့သည်။

ယခုအခါ ဖိတ်ခေါ်မှုအရ သွားရောက်လေ့လာလျှင် IAEA အနေနှင့် မည်မျှအတိုင်းအတာအထိ ထဲထဲဝင်ဝင်လေ့လာ နိုင်မည်ဖြစ်ကြောင်း မသိရပေ။ ယခင်သွားရောက်လေ့လာခဲ့သည့် အကြိမ်များတွင်လည်း ကန့်သတ်ချက်များစွာ မြောက်ကိုရီးယားက ချမှတ်ထားသဖြင့် လွတ်လပ်စွာလေ့လာခွင့်မရခဲ့ပေ။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။