Monday, April 2, 2012

ကိုလံဘီယာ FARC သူပုန်များဖမ်းဆီးထားသော စစ်သားနှင့်ရဲ ၁၀ ယောက်ကို သူပုန်များက ပြန်လည်လွှတ်ပေး တော့မည်ဖြစ်၍ ဘရာဇီးရဟတ်ယာဉ်နှစ်စင်း ကိုလံဘီယာသို့ရောက်ရှိနေပြီး စောင့်ဆိုင်းလျက်ရှိသည်။ လွှတ်ပေးရေးအတွက် ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့သူ ကိုလံဘီယာအထက်လွှတ်တော်အမတ်ဟောင်း ပီးဒက်ကော်ဒိုဗာက FARC သူပုန်များဘက်မှ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။ ၁၄ နှစ်ကြာဖမ်းဆီးထားသူ ၁၀ ဦးစလုံးကို တစ်ပြိုင်နက်လွှတ်ပေးမည်၊ သို့မဟုတ် တစ်ဆင့်ချင်းစီလွှတ်ပေးမည်ဟူ သော အချက်ကိုမူ သေချာမသိရသေးပေ။ ၁၀ ဦးထဲမှ လေးဦးမှာ စစ်သားများဖြစ်ပြီး ကျန်သူများမှာ ရဲများဖြစ်သည်။ သူပုန်များသည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ညှိနှိုင်းလျက်ရှိပြီး ပြန်ပေးဆွဲငွေကြေးတောင်းခံမှု များ မပြုလုပ်တော့ကြောင်း မကြာသေးမီက ကြေငြာခဲ့သည်။ အယ်ဂျာဇီယာသတင်းထောက် ဂါဘရီယယ်အယ်လီဇွန်ဒို ကိုလံဘီယာမြို့တော် ဗီလာဗီဆန်စီယိုမှ သတင်းပေးပို့ခဲ့ရာ နှစ်ပေါင်းများစွာ ဖမ်းဆီးခံထားရသော သူများ မကြာမီပြန်လည်လွတ်မြောက်တော့မည်ဖြစ်ကြောင်း ပြောသည်။ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်မှ လွှတ်ပေးခြင်းဖြစ်ကြောင်း ဆိုသည်။ လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ကြီးနှင့် အမျိုးသမီးအများစုနှင့် ဖွဲ့စည်းထားသော ကိုလံဘီယာငြိမ်းချမ်းရေးအဖွဲ့တို့က ဦးဆောင်မည်ဖြစ်သည်။ ပြန်လည်လွှတ်ပေးရေးအတွက် လပေါင်းများစွာကြာအောင် ယင်းအဖွဲ့ကပင်ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။ အဆိုပါလှုပ်ရှားမှုကို ထောက်ခံသည့်အနေနှင့် ဂွါတီမာလာမှ လူ့အခွင့်အရေးနိုဗယ်ဆုရှင် ရီဂိုဘာတာမင်ချူ ကိုလံဘီယာသို့ရောက်ရှိလျက်ရှိသည်။ `ဒီလိုနည်းလမ်းနဲ့ လွတ်မြောက်လာတဲ့သူတွေ အများကြီးရှိပါတယ်။ အဲဒီလို လွှတ်ပေးလိုက်ပြီးတဲ့နောက်ပိုင်း ကိုလံဘီယာမှ ငြိမ်းချမ်းရေးဖြစ်ပေါ်လာပါလိမ့်မယ်။ ကိုလံဘီယာတွေ မျှော်လင့်နေတဲ့အတိုင်း ကျွန်မတို့လည်း မျှော်လင့်နေကြပါတယ်။ `နိုဗယ်ဆုရှင်က ဆိုသည်။ FARC သူပုန်များသည် အရပ်သားများကိုလည်း ဖမ်းဆီးထားပြီး အရေအတွက် မည်၍မည်မျှရှိကြောင်း အတိအကျ မသိပေ။ `အယောက် ရှစ်ဆယ်၊ ကိုးဆယ်လောက်တော့ရှိမယ် ထင်ပါတယ်။ အချို့ကလည်း ရာနဲ့ချီရှိမယ်လို့ ပြောနေကြပါတယ်။ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေ အခြေအနေကိုတော့ ဘယ်သူမှ အသေအချာမသိကြပါ ဘူး။` `အခုလို ဖမ်းဆီးထားတဲ့လူတွေကို ပြန်လွှတ်ပေးလိုက်တာဟာ အစိုးရနဲ့ FARC သူပုန်တွေကြား ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေးမှုတွေ ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေရှိနေပါတယ်။ ဒါပေမယ့် အစိုးရက FARC နဲ့ ဆွေးနွေးမလားဆိုတာတော့ မသေချာသေးပါဘူး။` Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။