Thursday, May 31, 2012

အိန္ဒိယတွင် လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပွား

လောင်စာဆီဈေးနှုန်းများမြင့်တက်မှုကြောင့် အိန္ဒိယတွင် နိုင်ငံအဝှမ်းဆန္ဒပြမှုများဖြစ်ပွားနေခြင်းကြောင့် ဆိုင်အများအပြားပိတ်ထားပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း ရပ်တန့်နေရသည်။ အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ပြည်သူလူထု၏ မကျေနပ်မှုများကို ခံနေရပြီး ပြည်သူနှင့် အစိုးရကြား နောက်ထပ်သဘောထားကွဲလွဲမှုများ ဖြစ်ပွားလျက်ရှိသည်။ အတိုက်အခံနိုင်ငံရေးပါတီများနှင့် ကုန်သွယ်ရေးသမဂ္ဂများက မြို့ကြီးအများအပြားတွင် လုပ်ငန်းခွင်များ ရပ်တန့်ဆန္ဒပြကြရန် နှိုးဆော်ကြပြီး မြို့တော် နယူးဒေလီနှင့် စီးပွားရေးမြို့တော် မွန်ဘိုင်းတို့တွင် ချီတက် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ နယူးဒေလီတွင် လုပ်ငန်းများ၊ ဆိုင်များ ပိတ်ထားကြပြီး မော်တော်ယာဉ်အသွားအလာအလွန်နည်းပါးလျက် ရှိသည်။ အလုပ်သွား၊ ပြန် သယ်ပို့ယာဉ်များ ပြေးဆွဲမှုရပ်ဆိုင်းထားခြင်းကြောင့် အလုပ်သမားများလည်း လုပ်ငန်းခွင်သို့ သွားရောက်နိုင်ခြင်းမရှိကြချေ။ မွန်ဘိုင်းမြို့တွင်လည်း BJP ပါတီ၏ မိတ်ဖက်ပါတီဖြစ်သော ရှိဗ်ဆီနာပါတီက မြို့သူမြို့သားများအား အိမ်တွင်း၌သာ နေကြရန် နှိုးဆော်ထားလေသည်။ ဘတ်စ်ကားများကို ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ရုံးခန်းများ ကို တိုက်ခိုက်ခြင်းများဖြစ်ပွားလျက်ရှိကြောင်း သတင်းများကြားသိရသည်။ ပက်နာမြို့တွင် ဆန္ဒပြသူများက အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ပုံစံတူအရုပ်ကို မီးရှို့ကာ ဆန္ဒပြခဲ့ ကြပြီး ကလကတ္တားတွင်း အစိုးရဆန့်ကျင်ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြကြလေသည်။ ဇန်နဝါရီလ မှ မတ်လ အထိကာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်းမှာ ကိုးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ပြီး ၅.၃ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း စာရင်းထွက်ပေါ်လာသည့် နေ့မှာပင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အယ်ဂျာဇီယာသတင်းထောက် ပရာနာဆူရီ နယူးဒေလီမြို့မှ သတင်းပေးပို့ခဲ့ရာတွင် အစိုးရက လောင်စာဆီဈေးနှုန်း ၁၁ ရာခိုင်နှုန်း တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အိန္ဒယသမိုင်းတွင် အမြင့်မားဆုံးလောင်စာဆီဈေးနှုန်းဖြစ်လာခဲ့ပြီး ဆန္ဒပြမှုဖြစ်စေခဲ့ကြောင်း ဆိုသည်။ `အတိုက်အခံအုပ်စုတွေက ပြည်သူတွေရဲ့ အစိုးရအပေါ် အမျက်ဒေါသကို အသုံးချပြီး ဆန္ဒပြပွဲ တွေကို ထောက်ခံအားပေးနေပါတယ်။` ဟု သတင်းထောက်က ပြောသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။