|
ကုလသမဂ္ဂလေ့လာရေးတရုတ်အဖွဲ့ဝင်များ |
ဆီးရီးယားနိုင်ငံအဝှမ်း ဆန္ဒပြမှုများအရှိန်အဟုန်ဖြင့်ဆက်လက်ဖြစ်ပွားနေပြီး ဆီးရီးယားအစိုးရက လက်နက်ကိုင်တော်လှန်သူများ အဓိကအခြေစိုက်ရာ ရက်စ်တန်မြို့ကို အပြင်းအထန်တိုက်ခိုက်လျက်ရှိ သည်။ ထို့ပြင် ဆန္ဒပြဗဟိုချက်ဖြစ်သော ဟုမ်းစ်မြို့တွင်လည်း အစိုးရက အပြင်းအထန်နှိမ်နင်းလျက်ရှိ သည်။ ယင်းအခြေအနေများကြားတွင် ကုလသမဂ္ဂမှ စေလွှတ်ထားသော လေ့လာစောင့်ကြည့်ရေးအဖွဲ့များ က အစိုးရနှင့် အတိုက်အခံများကြား ဆွေးနွေးညှိနှိုင်းပြီး အကြမ်းဖက်မှုများအဆုံးသတ်နိုင်ရေးအတွက် ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
သောကြာနေ့က အလီပိုမြို့တွင် ကျောင်းသားဆန္ဒပြသူများကို အစိုးရစစ်တပ်မှ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ပြီး လူစုခွဲနှိမ်နင်းခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ ၂၀၁၁ မတ်လမှ စတင်ခဲ့သော ဆန္ဒပြမှုများသည် ဆီးရီးယားမြောက်ပိုင်း စီးပွားရေးဗဟိုချက်မြို့တော် အလီပိုတွင် ယခုအခါ အကြီးမားဆုံး အသွင်ဖြင့် အုံကြွမှုကြီးဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ကြာသပတေးနေ့က အလီပိုမြို့တွင် ကျောင်းသားဆန္ဒပြမှုကို ဖြိုခွင်းခဲ့ပြီးနောက်ပိုင်း ဆန္ဒပြမှုများဆက်လက် ဖြစ်ပွားနေခဲ့သည်။ ကြာသပတေးနေ့ ကျောင်းသားဆန္ဒပြမှုများကို ကုလသမဂ္ဂလေ့လာရေးကားပေါ်မှ ရိုက် ကူးခဲ့သော ဗွီဒီယိုဖိုင်တွင် စစ်သားများက ကျောင်းသားများကို ရိုက်နှက်ဖြိုခွင်းနေကြောင်းတွေ့ရသည်။
သောကြာနေ့က ဆီးရီးယားနိုင်ငံပိုင်ရုပ်မြင်သံကြားမှ အလီပိုတက္ကသိုလ်ဆေးကောလိပ်ရှေ့လမ်းမကျယ်ကြီး တွင် လူသူကင်းရှင်းနေပုံကို ထုတ်လွှင့်ပြသခဲ့ပြီး မည်သည့်ဆန္ဒပြမှုမှ ဖြစ်ပွားခြင်းမရှိကြောင်း ကြေငြာခဲ့ လေသည်။ သို့သော် အတိုက်အခံများက အင်တာနက်တွင် ထုတ်လွှင့်ပြသသော ဗွီဒီယိုဖိုင်တွင်မူ လမ်းများ ပေါ်တွင် ကြီးမားသော လူစုလူဝေးများဖြင့် ဆန္ဒပြနေပုံများကို တွေ့မြင်ရသည်။
အာရပ်ဂြိုလ်တုရုပ်သံများကလည်း မြို့တော်ဒမတ်စကတ်၊ ဒါရား၊ ဟုမ်းစ်နှင့် အစ်ဒလစ်မြို့များတွင် ဆန္ဒပြ နေပုံများကို ထုတ်လွှင့်ပြသကြသည်။ အလီပိုမြို့တွင် ဆန္ဒပြကျောင်းသားများ ကိုင်စွဲထားသော လက်ကိုင် စာတမ်းများတွင် `စည်းလုံးညီညွတ်ရေး` ကိုတောင်းဆိုထားကြသည်။
သောကြာနေ့က ဆီးရီးယားစစ်တပ်မှ ရက်စတန်မြို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြသည်။ မြို့တွင်း နေရာများစွာတွင် လက်နက်ကြီး အမြောက်ဆံများထိမှန်နေပုံကို ဗွီဒီယိုဖိုင်များစွာတွင် တွေ့မြင် ကြရသည်။ အခြားသောဗွီဒီယိုဖိုင်များတွင်လည်း ဟုမ်းစ်မြို့အား အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်နေပုံ ကို မြင်တွေ့ကြရသည်။
ကုလ-အာရပ်အဖွဲ့ချုပ် နှစ်ရပ်ပူးပေါင်းစေလွှတ်ထားသော လေ့လာရေးအဖွဲ့ခေါင်းဆောင် နော်ဝေဗိုလ်ချုပ် ရောဘတ်မုဒ်က လေ့လာရေးအဖွဲ့ဝင် ၂၆၀ ဆီးရီးယားနိုင်ငံတွင်းရောက်ရှိနေကြောင်း ဒမတ်စကတ်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ နောက်ထပ်အကြမ်းဖက်မှုများဖြစ်ပွားမည်ကို သူ့အနေနှင့် စိုးရိမ် ကြောင်းနှင့် သူ့အဖွဲ့ဝင်များအနေနှင့်မူ ကောင်းကောင်းမွန်မွန်ရှိကြောင်း ဆိုသည်။
`ကျွန်တော်တို့ကို တာဝန်ပေးထားတဲ့နေရာမှာ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲရှိနေပါတယ်။ ပြီးတော့ အပြုသဘောဆောင်တဲ့ ပြောဆိုဆွေးနွေးမှုတွေကို အစိုးရနဲ့ရော အတိုက်အခံနဲ့ရော ကျယ်ကျယ် ပြန့်ပြန့်ပြောဆိုဆွေးနွေးနေကြပါတယ်။` ဟု မုဒ်ကပြောသည်။
Source: VOA
Posted in: အရှေ့ အလယ်ပိုင်း
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment