Monday, May 21, 2012

နေတိုးထိပ်သီးစည်းဝေးပွဲ ၂၀၁၂ ကျင်းပ

ချီကာဂိုတွင်နေတိုးထိပ်သီးစည်းဝေးပွဲကျင်းပလျက်ရှိပြီး အာဖဂန်မှ နေတိုးတပ် များပြန်လည်ရုပ်သိမ်းရေး ဆန္ဒပြမှုများပေါ်ပေါက်လျက်ရှိသည်။ `ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီးရှိနေပြီး စိန်ခေါ်မှုတွေကလည်း စောင့်ဆိုင်းနေပါတယ်။` တနင်္ဂနွေနေ့က ဘားရက်အိုဘားမားက ထိပ်သီးစည်းဝေးပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ `အာဖဂန်နစ္စတန်မှာ လူ့အသက်ဆုံးရှုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ခက်ခဲတဲ့နေ့ရက်တွေ ရှေ့မှာ စောင့်ဆိုင်းနေပါတယ်။` ဟု အိုဘားမားက ဆိုသည်။ နေတိုးထိပ်သီးစည်းဝေးပွဲသည် ၂၀၁၄ တွင် အာဖဂန်တပ်များလက်တွင်းသို့ လုံခြုံရေးကိစ္စအဝဝပြန်လည် လွှဲပြောင်းပေးအပ်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်သည်။ နေတိုး ၂၈ နိုင်ငံအစိုးရများနှင့် အခြားနိုင်ငံခေါင်းဆောင်များအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်တက်ရောက် နေကြသည်။ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းနှင့် ပါကစ္စတန်သမ္မတ အဆစ်အလီဇာဒါရီတို့လည်း တက်ရောက်ကြသည်။ အစည်းအဝေးကျင်းပရာ ကန်ဘောင်စည်းဝေးခန်းမအဆောက်အဦနှင့် အနည်းငယ်ကွာဝေးသောနေရာတွင် မူ စစ်ဆန့်ကျင်ရေးဆန္ဒပြ သူများနှင့် ရဲများအကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားလျက်ရှိသည်။ ဆန္ဒပြမှုသည် အစမှ အဆုံးတိုင်ငြိမ်းချမ်းစွာ ဖြစ်ပေါ်ခဲ့ပြီး အချို့ကသာ ရဲများနှင့်ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။ ဆန္ဒပြပွဲကို အာဖဂန်နှင့် အီရတ်စစ်ပြန်များက ဦးဆောင်ပြီး စုစုပေါင်း ၂၅၀၀ ခန့်ရှိကြောင်း ရဲကပြောသည်။ အဆိုပါ စစ်ပြန်များသည် သူတို့ရရှိထားသော စစ်ဘက်ဆိုင်ရာတံဆိပ်များကို သက်ဆိုင်ရာသို့ပြန်လည် အပ်နှင်းခဲ့ကြသည်။ ချီကာကိုမြို့သို့သွားရောက်သတင်းရယူနေသော အယ်ဂျာဇီယာသတင်းထောက် ဂျွန်ဟန်ဒရန်သတင်းပေးပို့ ခဲ့ရာတွင် ဆန္ဒပြသူအများအပြားကို လက်ထိပ်များခတ်ခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်းဆိုသည်။ အာဖဂန်စစ်ပွဲကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောသည်။ ခါဇိုင်းနှင့် အိုဘားမား တွေ့ဆုံခဲ့ရာတွင်လည်း အာဖဂန်နစ္စတန်၏ အခက်အခဲများဖြတ်သန်းနေရကြောင်း၊ အာဖဂန်ပြည်သူများ အနေနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အလွန်အမင်းလိုလားတောင့်တနေသည်ကို အမေရိကန်ပြည်ထောင် စုက နားလည်ကြောင်း ပြောဆိုခဲ့သည်။ လုံခြုံရေးကိစ္စအဝဝ အာဖဂန်အစိုးရသို့ပြန်လည်လွှဲပြောင်းပေးရန်နှင့် နိုင်ငံခြားတပ်များပြန်လည်ထွက်ခွါရေး ကိစ္စရပ်များသည် အရေးကြီးကြောင်း ခါဇိုင်းက ပြောသည်။ `လွှဲပြောင်းရေးကိစ္စတွေအားလုံးပြီးသွားရင် အာဖဂန်နစ္စတန်ဟာ နိုင်ငံတကာအသိုင်းအဝိုင်း၊ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်များ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ပါဘူး။` ဟုဆို၏။ ပြင်သစ်သမ္မတအသစ် ဖရန်ကို့စ်ဟော်လန်ဒီက ယခုနှစ်ကုန်တွင် ပြင်သစ်တပ်များကိုပြန်လည်ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားလိုက်ပြီး နေတိုးအတွက် ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း၊ ၂၀၁၂ မကုန်မီ ပြင်သစ်စစ်တပ်များကို အပြီးရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ပြင်သစ်က ၂၀၁၂ မကုန်မီပြန်လည်ထွက်ခွါရန်ဆုံးဖြတ်ခဲ့သော်လည်း နေတိုးအဖွဲ့ဝင်နိုင်ငံများအနေနှင့် စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း နေတိုးအထွေထွေအတွင်းရေးမှူး အန်ဒါးစ် ဖို့ရက်စ်မူဆင်က ထုတ်ဖေါ်ပြောကြားခဲ့သည်။ `နေတိုးအဖွဲ့တွင်းမှာ အဖုအထစ်မရှိပါဘူး။` ဟု ဆိုသည်။ ထို့ပြင် အာဖဂန်လုံခြုံရေးအသုံးစားရိတ်မှာ နေတိုးအသုံးစားရိတ်ထက်နည်းပါးပြီး နိုင်ငံတကာအသိုင်းအဝိုင်း က အာဖဂန်ကိုဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဆိုသည်။ နေတိုးတပ်ဖွဲ့များပြန်လည်ထွက်ခွါသွားပြီးနောက် အာဖဂန်တပ်ဖွဲ့များအတွက် အသုံးစားရိတ်ထောက်ပံ့ရန် နိုင်ငံတကာရံပုံငွေတစ်ရပ်တည်ထောင်ရန် အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်၊ ဂျာမဏီတို့အပါအဝင် နိုင်ငံ အချို့က ထောက်ခံကြသည်။ အယ်ဂျာဇီယာသတင်းထောက် ပက်တီကူလ်ဟန်က `အမေရိကန်က သူတို့လုပ်ချင်တဲ့ဆန္ဒကို ထုတ်ဖေါ် ပြောဆိုခြင်းမပြုသေးပါဘူး။ အခြားနိုင်ငံတွေကို အရင်ထုတ်ဖေါ်ပြောဆိုစေချင်ပုံရပါတယ်။` ဟုဆိုသည်။ အာဖဂန်လုံခြုံရေးအတွက် နှစ်စဉ်လိုအပ်ချက်ဖြစ်သော ဒေါ်လာ ၄ ဘီလီယံတွင် အမေရိကန်မှ တစ်ဝက်ခန့် ကျခံပေးမည်ဟု မျှော်လင့်ရလေသည်။ စည်းဝေးပွဲတွင် နောက်ဆုံးမှနေရာချထားခြင်းခံရသူခေါင်းဆောင်များထဲတွင် ပါကစ္စတန်သမ္မတ ဇာဒါရီ အပါအဝင်ဖြစ်သည်။ ပါကစ္စတန်အနောက်ဘက်ဒေသတွင် ခါဇိုင်းအစိုးရနှင့် နေတိုးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသည့် တိုက်ခိုက်ရေးသမားများခိုအောင်းလျက်ရှိသည်။ အာဖဂန်နစ္စတန်ရှိနေတိုးတပ်ဖွဲ့များအား ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်နေသည့် လမ်းကြောင်းပြန်ဖွင့်ပေး ရန် နေတိုးက ပါကစ္စတန် အစိုးရကိုတောင်းဆိုလျက်ရှိရာ နေတိုးခေါင်းဆောင်များနှင့် ဇာဒါရီကြားတင်းမာ မှုများဖြစ်လာနိုင်သည်။ လွန်ခဲ့သောနှစ် နိုဝင်ဘာလအတွင်းက အာဖဂန်နှင့် ပါကစ္စတန်နယ်စပ်တွင် အမေရိကန်လေတပ်မှ ပစ်ခတ် ခဲ့သဖြင့် ပါကစ္စတန်စစ်သား ၂၄ ဦးသေဆုံးခဲ့ရသည့်အတွက် ဇာဒါရီက နေတိုးထောက်ပို့လမ်းကြောင်းကို ပိတ်ပစ်လိုက်ခြင်းဖြစ်သည်။ အမေရိကန်တို့မျှော်လင့်ထားသကဲ့သို့ ယခုအပတ်အကုန်တွင် အဆိုပါလမ်းကြောင်း ပြန်ဖွင့်ပေးရန် သဘောတူညီချက်ရ၊ မရဆိုသည်ကို သေချာမသိရသေးပေ။ အဆိုပါထိပ်သီးစည်းဝေးပွဲတွင် နေတိုးက ဥရောပတစ်ခွင်ဒုံးကျည်ကာကွယ်ရေးစံနစ်တစ်ရပ်ထားရှိရေး အစီအစဉ်ကို ကြေငြာမည်ဖြစ်သည်။ နိုင်ငံ ၁၄ နိုင်ငံမှ ပူးပေါင်းကာ အမေရိကန်လုပ် မောင်းသူမဲ့လေယာဉ် ၅ စင်း ဝယ်ယူရန် သဘောတူညီချက်တစ်ရပ်ကိုလည်း ပြုလုပ်ကြမည်ဖြစ်သည်။ ထိပ်သီးစည်းဝေးပွဲကို ချီကာဂိုမြို့တွင် လုံခြုံရေးထူထဲတင်းကြပ်စွာချထားကျင်းပနေခြင်းဖြစ်သည်။ စနေနေ့က အမေရိကန်သမ္မတဘားရက်အိုဘားမား၏ စည်းရုံးရေးရုံးချုပ်ကို တိုက်ခိုက်ရန် စီစဉ်မှုဖြင့် အကြမ်းဖက်သုံးဦးကို ဖမ်းဆီးထားသည်။ သူတို့၏အစီအစဉ်များထဲတွင် ရဲစခန်းများ၊ ဘဏ်များနှင့် မြို့တော်ဝန်အိမ်ကို တိုက်ခိုက်ရန်ပါဝင်ပြီး ဓါတ်ဆီမီးလောင်ဗုံးများ၊ ဓါးများ၊ ဒူးလေးတစ်ချောင်း၊ နင်ဂျာသုံး ပစ်ကြယ်ဓါးများ ဖမ်းဆီးရမိခဲ့သည်။ နေတိုးထိပ်သီးစည်းဝေးပွဲဆန္ဒပြရာတွင်ပါဝင်သူလေးဦးကိုလည်း အကြမ်းဖက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။