Friday, May 25, 2012

နှစ်ပေါင်း ၃၀ ကျော်က လူသတ်မှုပေါ်ပေါက်

၁၉၇၉ ခုနှစ်အတွင်းက ကျောင်းမှအပြန်ပျောက်ဆုံးခဲ့သော ယောင်္ကျားလေးငယ်တစ်ဦးကို မသေမချင်းလည်ပင်းညှစ်သတ်ခဲ့ကြောင်း အမျိုးသားတစ်ဦးက ယခုအခါမှ ဝန်ခံလာခဲ့ကြောင်း နယူးယောက်ရဲတပ်ဖွဲ့ ကပြောသည်။ ထိုအမျိုးသားမှာ မေပယ်လ်ရှိတ်တွင်နေသော ပက်ဒရိုဟာနန်ဒက်ဇ် အမည်ရသူဖြစ်ပြီး သေဆုံးခဲ့သူ အီတန်ပက်ဇ်ကို အိတ်တစ်အိတ်အတွင်းထည့်ကာ လမ်းကြားတစ်ခုတွင် စွန့်ပစ်ထားခဲ့ကြောင်း နယူးယောက်ရဲမင်းကြီး ရေမွန်ကယ်လီက သတင်းထောက်များကို ပြောကြားခဲ့သည်။ အီတန်ပက်ဇ်ပျောက်ဆုံးမှုသည် အမေရိကန်ပြည်ထောင်စုရှိ မိဘများနှင့်ရဲများအား ဆယ်စုနှစ် သုံးခုမျှ ကြာအောင် ခြောက်လှန့်နေခဲ့ပြီး အိမ်အပြင်ဘက်ထွက်ကစားသောကလေးများ လုံခြုံစိတ်ချရမှုမရှိဟူသော ကြောက်လန့်မှုဖြစ်စေခဲ့လေသည်။ အီတန်ပက်ဇ်ပျောက်ဆုံးသွားပြီးနောက် နွားနို့စက္ကူပုံးများတွင် သူ၏ရုပ်ပုံကိုရိုက်နှိပ်ကာ တွေ့ရှိပါက အကြောင်းကြားပေးပါရန် လူထုအားအသိပေးခြင်းခံရသော ပထမဦးဆုံးကလေးဖြစ်သည်။ သူပျောက်ဆုံး သွားသည့် မေလ ၂၅ ရက်နေ့ကို နိုင်ငံလုံးဆိုင်ရာ ပျောက်ဆုံးကလေးငယ်များနေ့ အဖြစ်သတ်မှတ်ခဲ့လေ သည်။ ကြာသပတေးနေ့က သတ်ဖြတ်ခဲ့ကြောင်းဝန်ခံမှုပြုလုပ်လိုက်ခြင်းကြောင့် ကမ္ဘာ့ခေတ်အမီဆုံး ရဲဌာနတစ်ခု ၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကို ထင်ရှားစေခဲ့ပြီး ယနေ့မိဘများအတွက်လည်း စိုးရိမ်ပူပန်မှုများဖြစ်ပွား စေခဲ့သည်။ ဟာနန်ဒက်ဇ်၏ ထွက်ဆိုချက်မှာ သုံးနာရီမျှကြာမြင့်ခဲ့ပြီးနောက် အခင်းဖြစ်ပွားခဲ့သည့် နေရာသို့ နယူးယောက်ရဲများနှင့်အတူသွားရောက်ခဲ့သည်။ ယင်းနေရာတွင် ထိုစဉ်က ကုန်စုံဆိုင်တစ်ဆိုင်ရှိခဲ့ပြီး ယခုအခါ မျက်မှန်ဆိုင်ဖွင့်လှစ်ထားလေသည်။ ဟာနန်ဒက်ဇ်က အီတန်ပက်ဇ်ကို ဆိုဒါဝယ်တိုက်မည်ဟု စည်းရုံးပြီးခေါ်ဆောင်လာခဲ့ကြောင်းဆိုသည်။ အီတန်သည် ထိုစဉ်က ခြောက်နှစ်သားမျှသာရှိပြီး ကျောင်းကားအလာကို တစ်ဦးတည်းစောင့်နေခဲ့ခြင်းဖြစ် သည်။ ဟာနန်ဒက်ဇ်က အီတန်ကို ကုန်စုံဆိုင်မြေအောက်ထပ် ကုန်သိုလှောင်ခန်းအတွင်းသို့ ခေါ်ဆောင် သွားခဲ့ပြီး လည်ပင်းညှစ်သတ်ခဲ့ကာ အမှိုက်ထည့်သော အိတ်အတွင်းထည့်၍ အမှိုက်ပုံးအတွင်း ပစ်ထားခဲ့ သည်ဟု ထွက်ဆိုခဲ့သည်။ ဟာနန်ဒက်ဇ်သည် ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူနှင့် လက်ထပ်ထားသူဖြစ်သည်။ သူသည် အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ရာဇဝတ်မှုမှတ်တမ်းမရှိ၊ စုံစမ်းစစ်ဆေးခြင်းမခံရခဲ့ရပဲ သူ့အပေါ် မည်သူ ကမျှ သံသယမရှိခဲ့ပေ။ လွန်ခဲ့သောလက အက်ဖ်ဘီအိုင်စုံထောက်များ မက်ဟန်တန်ရှိ မြေအောက်ထပ်တစ်ခုကို တူးဆွရှာဖွေရာမှ သဲလွန်စရရှိပြီး ဟာနန်ဒက်ဇ်ထံသို့သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။ အီတန်အမှုကို နှစ်ပေါင်း ၃၀ မျှကြာအောင် အာဏာပိုင်များမှ လိုက်လံစုံစမ်းရှာဖွေပြီးနောက် ဟာနန်ဒက်ဇ် အပြစ်ရှိကြောင်း တွေ့ရှိခဲ့လေသည်။ နယူးယောက်တွင် ကလေးငယ်တစ်ဦးကို သတ်ခဲ့ပြီး မကောင်းမှုကျူးလွန်ခဲ့ကြောင်း၊ နောင်တအလွန်ရမိ ကြောင်း ဟာနန်ဒက်ဇ်က မိသားစုဝင်များနှင့် အခြားလူများကို ပြောပြခဲ့သည်။ လူသတ်မှုအကြောင်း ဝန်ခံလိုက်သည့်အတွက် စိတ်သက်သာရာရမိကြောင်းလည်း ဆိုသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။