Thursday, May 31, 2012

ဆီးရီးယားကို ကုလ စိတ်ပျက်

ဆီးရီးယားငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်၏ ငြိမ်းချမ်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြန်လည်သုံးသပ်ရန်ဆီးရီးယား အတိုက်အခံ လွတ်လပ်သောဆီးရီးယားတပ်မတော် (FSA ) မှ သမ္မတ အာဆက်ကို ၄၈ နာရီအချိန်ပေးလိုက်သည်။ FSA ၏ ဗိုလ်မှူးကြီး ကာဆင်ဆာဒက်ဒိုင်းဗုဒ္ဓဟူးနေ့က အွန်လိုင်းတွင် ဗွီဒီယိုဖိုင်ဖြင့် ထုတ်လွှင့်ပြောကြား ရာ၌ `အစိုးရက အပစ်အခတ်ချက်ခြင်းရပ်ပါ၊ တပ်တွေပြန်ဆုတ်ပေးပါ၊ မြို့တွေ၊ ရွာတွေထဲကနေ တင့်ကား တွေ၊ လက်နက်ကြီးတွေ ပြန်လည်ရုပ်သိမ်းပေးပါ။` ဟု ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့က နိုင်ငံအရှေ့ပိုင်းတွင် လက်ပြန်ကြိုးတုပ်၊ မျက်လုံးများကို အဝတ်ဖြင့်ပိတ်စည်းထားပြီး ဦးခေါင်းများကို သေနတ်ဖြင့် တေ့ပစ်သတ်ခြင်းခံထားရသော အလောင်း ၁၃ လောင်း တွေ့ရှိခဲ့ရကြောင်း ကိုဖီအာနန်၏ ကိုယ်စားလှယ်ဖြစ်သူ ဂျင်းမာရီးဂူဟန်နိုက ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်များကို ရှင်းလင်း တင်ပြခဲ့သည်။ အစိုးရက သောကြာနေ့ နေ့လည်ပိုင်းအထိ အပစ်အခတ်ရပ်စဲခြင်းမပြုလျှင် ၎င်းတို့ကလည်း ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာရန် မလိုတော့ကြောင်း ဗိုလ်မှူးကြီး ကာဆင်က ပြောကြားခဲ့သည်။ ယင်းသို့ FSA က ပြောကြားလိုက်ခြင်းကြောင့် ကိုဖီအာနန်၏ ငြိမ်းချမ်းရေးအစီအစဉ်ပျက်ပြားပြီး အခြေအနေများ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ရကြောင်း လုံခြုံရေးကောင်စီသို့ တင်ပြထားသည်။ `အပြုသဘောဆောင်တဲ့ အခြေအနေတွေ ဆီးရီးယားမှာ အလွန်နည်းပါးနေပါတယ်။`ဟု လုံခြုံရေး ကောင်စီ တံခါးပိတ်အစည်းအဝေးပြီးနောက် ရုရှသံအမတ် ဗစ်တလီချာကင်က ပြောကြားလိုက်သည်။ ဆီးရီးယားနိုင်ငံရေးအခြေအနေမှာ မကောင်းကြောင်း၊ အစိုးရနှင့် အတိုက်အခံနှစ်ဘက်စလုံးက လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စများပျက်ကွက်နေပြီး စေ့စပ်ညှိနှိုင်းရေးနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ချာကင် ကပြောသည်။ ကိုဖီအာနန်တင်ပြပြီး နိုင်ငံတကာအသိုင်းအဝ်ုင်းက ထောက်ခံခဲ့သော ငြိမ်းချမ်းရေးအတွက် မူဝါဒ ခြောက်ချက်ကို မည်သည့်ဘက်ကမှ လိုက်နာခဲ့ခြင်းမရှိကြောင်းလည်း ပြောဆိုလိုက်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။