Wednesday, May 23, 2012

ကိုလံဘီယာသမ္မတဟောင်းကို လုပ်ကြံရန် ကြိုးပမ်းမှု

ကိုလံဘီယာသမ္မတဟောင်း အယ်ဗာရိုအာရိုက်ဘ် ဧည့်သည်တော်အဖြစ်လာရောက်လည်ပတ်မည့် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ ပြဇါတ်ရုံအတွင်းမျက်နှာကြတ်တွင် ဗုံးထောင်ထားခြင်းကိုရှာဖွေတွေ့ရှိ ခဲ့ပြီး ရဲများက ရှင်းလင်းပစ်လိုက်နိုင်ခဲ့သည်။ ဗုံးများကို ဂရန်းရက်ဇ်ပြဇါတ်ရုံ ဒုတိယထပ်ရှိ မျက်နှာကြတ် မီးကြိုးများကြားတွင် ထောင်ထားခြင်းဖြစ်ပြီး အင်္ဂါနေ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ဆဲလ်ဖုန်းတစ်လုံးဖြင့် ချိတ်ဆက်ထားပြီး သမ္မတဟောင်း အာရိုက်ဘ် မိန့်ခွန်းပြောကြားအပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားအရေးကြီးပုဂ္ဂိုလ်ကြီးများဖြင့် စားသောက်ရင်းစကားပြောမည့် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၄ နာရီ ခွဲတွင် ဖုန်းကို အချိန်ကိုက် နှိုးစက်ပေးထားကြောင်းစုံစမ်းရေးမှူးတရားသူကြီး နိုဘာတို အိုယာဘိုက်က ပြောသည်။ `ရိုးရိုးရှင်းရှင်း အချိန်ကိုက်ဗုံးပဲဖြစ်ပါတယ်။ ဒါပေမယ့် အသေအပျောက်တော့ ဖြစ်နိုင်ပါတယ်။ အာဂျင်တီးနားရဲ့ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေမှာလည်း ဖြစ်ပါတယ်။` ဟု အိုယာဘိုက်က ပြောသည်။ အိုယာဘိုက်ကိုယ်တိုင် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါပြဇါတ်ရုံသည် သမိုင်းဝင်ပြဇါတ်ရုံတစ်ရုံဖြစ်ပြီး ဗျူနိုအေးရိစ်မြို့ အချက်အခြာ ကော်ရီးယန်းတက်စ် ရိပ်သာတွင် တည်ရှိလေသည်။ အယ်ဂျာဇီယာသတင်းထောက် လူစီယာနယူးမင်း ဗျူနိုအေးရိစ်မြို့သို့သွားရောက်သတင်းရယူခဲ့ရာ ပြဇါတ်ရုံ တွင် အလုပ်လုပ်နေသော အလုပ်သမားတစ်ဦးက မျက်စိလျင်သဖြင့် ဗုံးကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ `မြင်မြင်ချင်းပဲ ဒါဟာဗုံးတစ်လုံးဆိုတာကို သူသိလိုက်တယ် လို့ ဆိုပါတယ်။ ခပ်လုံးလုံးအရာနှစ်ခုမှာ TNT ဗုံးတပ်ဆင်ထားပြီး ဖုန်းနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။` ဟု သတင်းထောက်က ပြောသည်။ သမ္မတဟောင်း အာရိုက်ဘ်သည် ကိုလံဘီယာသမ္မတအဖြစ် ၂၀၀၂ ခုမှ ၂၀၁၀ အထိ ထမ်းဆောင်ခဲ့ပြီး WOM-Latam ကုမ္ပမှ ဦးဆောင်ကျင်းပသော အမှုဆောင်များစာတမ်းဖတ်ပွဲတွင် ကိုလံဘီယာနိုင်ငံ အသွင်ကူးပြောင်းရေးနှင့် ပတ်သက်သော အကြောင်းအရာများမိန့်ခွန်းပြောကြားပေးရန် ဖိတ်ကြားထားခြင်း ဖြစ်သည်။ ယင်းကုမ္ပဏီသည် ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲများဦးဆောင်ကျင်းပပြီး တက်ရောက်လိုသော ပြင်ပဧည့်သည်များအတွက် ကောက်တေးလ်ပါတီ လက်မှတ်များ တစ်စောင် ဒေါ်လာ ၅၀၀ နှုန်းဖြင့် ရောင်းချခဲ့သည်။ AP သတင်းဌာနသို့ အစောပိုင်း အီးမေးလ်ပေးပို့ခဲ့ရာတွင် ဗုံးထောင်ထားလိမ့်မည်ဟု မထင်မိကြောင်း အာရိုက်ဘ်က ရေးသားခဲ့သည်။ အယ်ဂျာဇီယာသတင်းထောက်က မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးကြောင်း၊ သို့သော် အာရိုက်ဘ်တွင် ရန်သူ မျိုးစုံရှိနေကြောင်း ပြောကြားခဲ့သည်။ `ကိုလံဘီယာသမ္မတဟောင်း အာရိုက်ဘ်ဟာ ကမ္ဘာပေါ်မှာ လုံခြုံရေးအတင်းကြပ်ဆုံးချပြီး ကာကွယ်ပေးထားရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။` ဟု သတင်းထောက်ကပြောသည်။ သမ္မတအဖြစ်တာဝန်ယူခဲ့စဉ်ကာလအတွင်းက အာရိုက်ဘ်သည် ကိုလံဘီယာ လက်ဝဲ စစ်သွေးကြွများ နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခဲ့ပြီး လက်နက်ကိုင် ၃၀ ၀၀၀ ကျော်ကို လက်နက်ဖြုတ်သိမ်းနိုင်ခဲ့သည်။ ထို့ပြင် လက်ဝဲသူပုန်များဖြစ်သော အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) နှင့်လည်း ငြိမ်းချမ်းရေးတည်ဆောက်ခဲ့သည်။ သို့သော် နိုင်ငံတွင်း အကြီးမားဆုံးလက်နက်ကိုင် အုပ်စုဖြစ်သော လက်ဝဲစွန်း FARC သူပုန်များကမူ အာရိုက်ဘ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး သူ့ကို စစ်ဘီလူးဟု ခေါ်ဆိုခဲ့သည်။ အာဂျင်တီးနားမှ လက်ဝဲစွန်းသမားတစ်ဦးအပါအဝင် နိုင်ငံခြားတိုင်းပြည်များမှ လက်ဝဲစွန်းသမား များ FARC သူပုန်များထံသွားရောက်ခဲ့ကြောင်း သတင်းများတွင် ဖေါ်ပြကြသည်။ ကိုလံဘီယာ လက်ဝဲစွန်းသူပုန်များအပေါ်ထားရှိသော အာရိုက်ဘ်၏ တင်းမာသော မူဝါဒများကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုများရှိခဲ့ကြောင်း စွပ်စွဲခံရလေသည်။ အာရိုက်ဘ် သမ္မသက်တမ်းကုန်ဆုံး၍ နှုတ်ထွက်ချိန်တွင် ပြည်တွင်းသတင်းစာဆရာများ၊ တရားသူကြီးများ နှင့် ပြိုင်ဘက်နိုင်ငံရေးသမားများအပေါ် လျှို့ဝှက်ထောက်လှမ်းခြင်းကိစ္စများ၊ ထောက်ခံသူများကြား အကျင့်ပျက်ခြစားမှုကိစ္စများ မကြာသေးမီ နှစ်ပိုင်းအတွင်းက အသေးစိတ်ထွက်ပေါ်လာခဲ့လေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။