Monday, May 28, 2012

တိဘက်တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြမှုဖြစ်ပွား

တိဘက်မြို့တော် လာဆာတွင် တိဘက်အမျိုးသားနှစ်ဦး မိမိကိုယ်ကိုယ်မီးရှို့ဆန္ဒပြသတ်သေခဲ့ရာတွင် တစ်ဦး သေဆုံးသွားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ကြေငြာခဲ့သည်။ လာဆာမြို့သည် တရုတ်အစိုးရက လုံခြုံရေးတင်းကြပ်စွာချထားသောမြို့ဖြစ်ပြီး တနင်္ဂနွေနေ့ ကမီးရှို့ဆန္ဒ ပြမှုတွင် ရဲများက မိနစ်ပိုင်းအတွင်း လာရောက်မီးငြိမ်းသတ်ခဲ့သဖြင့် တစ်ဦးအသက်ရှင်ခဲ့ကြောင်း၊ အခြေ အနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သတင်းဌာနက ကြေငြာခဲ့သည်။ အမေရိကန်အခြေစိုက် လွတ်လပ်သော အာရှရေဒီယိုဌာန RFA က အစောပိုင်းကြေငြာချက်တွင် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးမှာ ဘုန်းကြီးနှစ်ပါးဖြစ်ကြောင်း၊ လာရှာမြို့တွင် ဗုဒ္ဓဘာသာဘုရားဖူးများဖြင့် စည်ကားသော နေရာတစ်ခုတွင် မိမိကိုယ်ကိုယ်မီးရှို့ခြင်းဖြစ်ကြောင်း ကြေငြာခဲ့သည်။ ဆင်ဟွာသတင်းဌာနက ဆက်လက်ထုတ်ပြန်ခဲ့ရာတွင် အသက်ရှင်သူတစ်ဦးမှာ အဘာဟု အမည်ရပြီး တိဘက်နှင့် နယ်ချင်းစပ် နေသော တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှ ဖြစ်၍ သေဆုံးသွားသူ တစ်ဦးမှာ တို့ဘ်ဂျိုင်းဇီတန်း အမည်ရပြီး တရုတ်အနောက်မြောက်ပိုင်း ဂန်ဆုပြည်နယ်မှ ဖြစ်ကြောင်း ဆိုသည်။ ဒေသတွင်းရှိ ကွန်မြူနစ်ပါတီ ဌာနမှ အခြေအနေကို အလျင်အမြန်ပြန်လည်ထိန်းသိမ်းလိုက်နိုင်ပြီး အေးဆေးသွားပြီဖြစ်ကြောင်း ဆင်ဟွာက ကြေငြာခဲ့လေသည်။ အဘာမှာ ခါတီ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေလျက်ရှိသည်။ ယင်းဘုန်းကြီးကျောင်းသည် တိဘက်တွင် တရုတ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒပြစဉ်ကာလအတွင်းက အဓိကကျသည့်နေရာတစ်ခုဖြစ် ခဲ့သည်။ တိဘက်တွင် တရုတ်တို့က ယဉ်ကျေးမှုနှင့် ဘာသာရေးအရဖိနှိပ်ချုပ်ခြယ်မှုများပြုလုပ်အုပ်ချုပ်နေသည်ကို မကျေမနပ်ဆန္ဒပြမှုများစတင်ခဲ့သည့် ၂၀၁၁ မတ်လမှ စတင်၍ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် သီလရှင်များအပါအဝင်လူပေါင်း ၃၀ ကျော်ခန့်မိမိကိုယ်ကိုယ် မီးရှို့သတ်သေဆန္ဒပြခဲ့ကြပြီးဖြစ်သည်။ ယင်းသို့ မီးရှို့ဆန္ဒပြမှုအများစုမှာ တရုတ်နိုင်ငံတွင်း တိဘက်အများစုနေထိုင်လေ့ရှိသော ဒေသများတွင် ဖြစ်ပွားခဲ့ပြီး တိဘက်နယ်တွင်း၌ တစ်ခုသာဖြစ်ပွားခဲ့ဖူးပြီး ယခုကဲ့သို့ တိဘက်မြို့တော်တွင်း တစ်ကြိမ်မျှဖြစ် ပွားဖူးခြင်းမရှိခဲ့ပေ။ တရုတ်အစိုးရကမူ အချို့သောမီးရှို့ဆန္ဒပြမှုများကိုသာ အတည်ပြုပြောဆိုခဲ့ပြီး အားလုံးကို အတည်ပြုပြော ကြားခဲ့ခြင်းမရှိပေ။ ၂၀၀၈ ခုနှစ်အတွင်း လာဆာတွင် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆန္ဒပြပွဲအဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး နောက်ပိုင်း မြို့တစ်ခုလုံးတွင် လုံခြုံရေးများ တင်းပြည့်ကျပ်ပြည့်ချထားပြီး အမြဲစောင့်ကြည့်လျက်ရှိခြင်း ကြောင့် တိဘက်နှင့် အထူးသဖြင့် လာဆာမြို့တွင်း ဆန္ဒပြမှုများဖြစ်ပွားခြင်း အလွန်ရှားပါးလေသည်။ မီးရှို့ဆန္ဒပြမှုဖြစ်ပွားပြီးနောက် လာဆာ၌ ရဲများ၊ ပြည့်သူ့စစ်များဖြင့်လုံခြုံရေးတင်းကြပ် ထားပြီး အခြေအနေတင်းမာလျက်ရှိကြောင်း RFA က တနင်္လာနေ့က ကြေငြာခဲ့သည်။ ဒေသတွင်း အုပ်ချုပ်ရေးယန္တယားဖြစ်သော ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းက ယင်းအဖြစ်အပျက်သည် ခွဲထွက်ရေးသမားတို့၏ ဆန္ဒပြမှုဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆင်ဟွာက ကြေငြာသည်။ `တိဘက်တွေနေထိုင်တဲ့ အခြားနေရာတွေမှာလည်း ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဒါတွေက တိဘက်ကို တရုတ်ကနေခွဲထွက်ချင်နေတဲ့ ခွဲထွက်ရေးသမားတွေရဲ့ ဆန္ဒပြလုပ်ဆောင်မှုတွေဖြစ်ပါတယ်။` ဟု တိဘက်ကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင် အတွင်းရေးမှူး ဟာအိုပန်းက ပြောဆိုသွားကြောင်း ဆင်ဟွာက ကြေငြာခဲ့သည်။ တရုတ်အစိုးရက တိဘက်နယ်သည် တရုတ်နိုင်ငံတွင်း ကာလကြာမြင့်စွာကပင် ပါဝင်နေခဲ့သောနယ်မြေ ဖြစ်ကြောင်း ပြောဆိုနေပြီး တိဘက်တို့ကမူ ၎င်းတို့၏ ဟိမဝန္တာဒေသသည် ရာစုနှစ်များစွာကပင် လွတ်လပ်သောနယ်မြေအဖြစ်တည်ရှိနေခဲ့ပြီး ၁၉၅၀ ခုနှစ်များတွင် မှ တရုတ်တို့ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။ တရုတ်အစိုးရက ပြည်ပရောက် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို တရုတ်ဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုဖြင့် အမြဲအပြစ်တင်ပြောကြားလေ့ရှိပြီး ဒလိုင်းလားမားနှင့် တိဘက်လွတ်မြောက်ရေး လှုပ်ရှားမှုများကို အားပေးထောက်ခံသော ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကို အခါအား လျော်စွာ ဝင်ရောက်ရှင်းလင်းလေ့ရှိသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။