Tuesday, May 22, 2012

ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် ကျောင်းသားများဆန္ဒပြ

ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် ကျူရှင်လခများမြှင့်တင်လိုက်ခြင်းအတွက် ကျောင်းသားများ မကျေမနပ်ဆန္ဒပြနေခြင်း ၃ လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယင်းဆန္ဒပြမှုများရပ်ဆိုင်းစေရန်ဥပဒေထုတ်ပြန်တား မြစ်ထားသော်လည်းဆက်လက်ဖြစ်ပွားလျက်ရှိသည်။ တနင်္လာနေ့က ဆန္ဒပြသူများနှင့် ရဲများရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သဖြင့် ၁၀ ယောက်ခန့်ဒဏ်ရာရရှိခဲ့ပြီး ၃၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ကျူးဘက်ပြည်နယ်အစိုးရက သောကြာနေ့က ဆန္ဒပြခြင်းနှင့် ပတ်သက်၍ အရေးပေါ် ဥပဒေတစ်ရပ်ထုတ်ပြန်လိုက်သည်။ ဆန္ဒပြလိုသူများသည် ရဲကို ၈ နာရီ ကြိုတင် အကြောင်းကြားထားရမည်ဖြစ်ပြီး လူ ၅၀ ထက်ကျော်ပါက ချီတက်ဆန္ဒပြမည့်လမ်းကြောင်းကို ကြိုတင် အသိပေးထားရမည်ဖြစ်သည်။ တနင်္ဂနွေနေ့ညက ဆန္ဒပြသူများက စတိုးဆိုင်ပြူတင်းပေါက်များကို ရိုက်ခွဲခဲ့ပြီး မီးသတ်ပိုက်ရေများဖွင့်ထုတ် ခဲ့သဖြင့် မွန်ထရီရယ်မြို့ ရုံးအဆောက်အဦများအတွင်း ရေများဝင်ရောက်ခဲ့သည်။ အာဏာပိုင်များက ဆန္ဒပြသူအရေအတွက် မည်မျှရှိသည်ကို ထုတ်ဖေါ်ကြေငြာခြင်းမရှိပေ။ မွန်ထရီရယ် ဒေသတွင်းစာနယ်ဇင်းများက ဆန္ဒပြသူဦးရေ ထောင်နှင့် ချီရှိကြောင်း ကြေငြာသည်။ ညဘက်ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် တာဝန်ရှိသူလေးဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၃၀၅ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ယင်းတို့ထဲမှ အများစုမှာ နောက်ပိုင်းလိုက်လံဖမ်းဆီးခြင်းဖြစ် သည်။ ဥပဒေထုတ်ပြန်ပြီးနောက် မိနစ်ပိုင်းအကြာတွင် ဆန္ဒပြသူများအား တရားမဝင်ဖြစ်ကြောင်း အာဏာပိုင်များ က ကြေငြာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြဌာန်းလိုက်သော ဥပဒေအရ ကြိုတင်အသိပေးရမည့် အချက်များ ပျက်ကွက်ခဲ့သောကြောင့်ဟု ဆိုသည်။ ဆန္ဒပြဥပဒေကို ကျောင်းသားများနှင့် လူ့အခွင့်အရေးအုပ်စုများက မနှစ်မြို့ကြသော်လည်း နောက်တစ်ရက် တွင် ပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်းအရ ကျူးဘက်ပြည်နယ်သား သုံးပုံနှစ်ပုံခန့်က ထောက်ခံ ကြကြောင်းတွေ့ရသည်။ ဆန္ဒပြပွဲများစတင်ခဲ့သည့် ရက် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အင်္ဂါနေ့တွင် ဆန္ဒပြပွဲကြီးတစ်ရပ် အကြီးအကျယ်ပြုလုပ်ရန် စီစဉ်ထားကြလေသည်။ ဖေဖေါ်ဝါရီလမှ စတင်၍ ကျောင်းသားများဆန္ဒပြလာခဲ့ ကြရာ ယခုအချိန်အထိ ဆန္ဒပြပွဲပေါင်း ၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း ရဲက ပြောသည်။ ကျူးဘက်ပြည်နယ်သည် ပြင်သစ်စကားပြောသောပြည်နယ်ဖြစ်ပြီး ကနေဒါနိုင်ငံအခြားနေရာများထက် ပိုမို သွေးဆူသော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ကျူးဘက်ပြည်နယ်တွင် ကျူရှင်လခအဖြစ် တစ်နှစ် ၂၅၄ ဒေါ်လာဖြင့် ၇ နှစ်တိုင် သတ်မှတ်ခဲ့ပြီး ပြန်လည် လျှော့ချပေးရန် မဖြစ်နိုင်ကြောင်း ကျူးဘက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျင်းချားရက်စ်က ဆိုသည်။ ကျူးဘက်သည် ကနေဒါနိုင်ငံတစ်ခုလုံးတွင် ကျူရှင်လခ အသက်သာဆုံးပြည်နယ်ဖြစ်ပြီး ယခုအခါ ၈၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားသော်လည်း တစ်နိုင်ငံလုံးနှင့် နှိုင်းယှဉ်လျင် ဈေးအသက်သာဆုံးဖြစ်မြဲဖြစ် လျက်ပင်ရှိ၏။ ကျောင်းသားများဆန္ဒပြမှုကို မွန်ထရီရယ်နာမည်ကြီး ရော့ခ်အဆိုတော် အာခိတ်ဖိုင်းယားက ထောက်ခံ သည့်အနေနှင့် စနေနေ့ညက ကျင်းပခဲ့သော စင်မြင့်ဖျော်ဖြေပွဲတွင် ဆန္ဒပြကျောင်းသားများအမှတ်တံဆိပ် ဖြစ်သော အနီလေးထောင့်ကွက်များပါဝင်သည့် အဝတ်အစားကို ဝတ်ဆင်ပြီး မိုက်ဂျက်ဂါနှင့် အတူ ဖျော်ဖြေခဲ့လေသည်။ ကျောင်းသားဆန္ဒပြမှုကို ထောက်ခံသူများက အာခိတ်ဖိုင်းယားကို ချီးကျူးသြဘာ ပေးခဲ့ကြပြီး တွစ်တာလူမှုကွန်ယက်တွင် အဆိုပါအနီရောင်လေးထောင့်ကွက် ဖက်ရှင်ဒီဇိုင်း၏ ဆိုလိုချက် အဓိပ္ပါယ်ကို မေးမြန်းမှုများပေါ်ထွက်လာခဲ့တော့သည်။ ရုပ်ရှင်ဒါရိုက်တာမိုက်ကယ်မိုးကလည်း ကျောင်းသားလှုပ်ရှားမှုကို ထောက်ခံပြီး သူ့ကိုယ်ပိုင် ဝက်ဘ်ဆိုက် တွင် ကျောင်းသားလှုပ်ရှားမှုများနှင့် သက်ဆိုင်သော ဝက်ဘ်ဆိုက်လိပ်စာများကို ချိတ်ဆက်ပေးထား လေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။