Monday, May 21, 2012

ယီမင် စစ်ရေးပြအခမ်းအနားဗုံးကွဲ၊ သေဆုံးမှုများပြား

ယီမင်နိုင်ငံ မြို့တော်ဆာနားတွင် အသေခံဗုံးခွဲခဲ့ရာ လူ ၁၀၀ နီးပါးသေးဆုံးခဲ့ရပြီး အယ်လ်ကေဒါက ၎င်းတို့လက် ချက်ဖြစ်ကြောင်း အတည်ပြုပြောဆိုလိုက်သည်။ ယီမင်အမျိုးသားနေ့အတွက် အစမ်းလေ့ကျင့်မှုပြုလုပ်နေသော ချီတက်လေ့ကျင့်မှုတစ်ခုတွင် အသေခံဗုံးခွဲ သမားက စစ်ဝတ်စုံဝတ်ဆင်ကာဖေါက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယီမင်ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့နှစ်ဦးစလုံးယင်း အစမ်းလေ့ကျင့်ပွဲအခမ်းအနားတွင် ရှိနေခဲ့ပြီး ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။ တနင်္လာနေ့ နေ့လည်ပိုင်းအထိ နောက်ထပ်သေဆုံးသူအရေအတွက် တိုးပွားလျက်ရှိကြောင်း အယ်ဂျာဇီယာသတင်းထောက် ဂျိန်းဖာဂူဆန်က ဆာနားမြို့မှ သတင်းပေးပို့ခဲ့သည်။ `၉၆ ယောက်သေဆုံးပြီး အဲဒီထက်များစွာ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိထားပါတယ်။` `ဒဏ်ရာရရှိထားသူတွေအတွက် သွေးလိုအပ်နေပြီး နောက်ထပ်အသေအပျောက်တွေ ထပ်ဖြစ်လာ နိုင်ပါတယ်။` ဟု သတင်းထောက်က ပြောသည်။ အစမ်းလေ့ကျင့်မှုအခမ်းအနားကို သမ္မတအိမ်တော်နှင့် များစွာမဝေးလှသော ၁၀ လမ်းသွား လမ်းမကြီးပေါ် တွင် ယနေ့ တနင်္လာနေ့က ကျင်းပခဲ့ခြင်းဖြစ်ကာ ဗုံးဖေါက်ခွဲမှုပြီးနောက် သေဆုံးသူများ၏ သွေးများ၊ အလောင်းများဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။ `ချီတက်စစ်ရေးပြမှု ပြီးလို့ အရာရှိတပ်မှူးတွေကို အလေးပြုနေတုန်း ဗုံးကကွဲတော့တာပါပဲ။` `စစ်သားတွေသေတဲ့သူကသေ၊ လက်ပြတ်ခြေပြတ်ဖြစ်တဲ့သူကဖြစ်နဲ့ အလွန်ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြီးပါပဲဗျာ။` ဟု ချီတက်စစ်ရေးပြတွင်ပါဝင်ခဲ့သူ တပ်သား အေမာဟာဘစ်က ပြန်လည်ပြောပြ ခဲ့သည်။ တောင်နှင့်မြောက်ယီမင် ပြန်လည်ပေါင်းစည်းခြင်း ၂၂ နှစ်မြောက်အထိမ်းအမှတ်အနေနှင့် အမျိုးသားနေ့ အခမ်းအနားကို အင်္ဂါနေ့တွင် ကျင်းပမည်ဖြစ်ပြီး သမ္မတ အက်ဘ်-ရာဘူမန်ဆွာဟာဒီကိုယ်တက်ရောက်ရန် စီစဉ်ထားလေသည်။ စစ်သွေးကြွလက်နက်ကိုင် အန်ဆာအယ်လ်-ရှာရီးရားအဖွဲ့ဝင်ဖြစ်သည်ဟု ဆိုသူတစ်ဦးက ရိုက်တာသတင်း ဌာနသို့ ဖုန်းဆက်ကာ မိမိတို့အဖွဲ့လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အန်ဆာအယ်လ်-ရှာရီးရားအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းကို အတည်ပြုခဲ့သည်။ သူက နိုင်ငံတောင်ပိုင်းရှိ စစ်သွေးကြွများခြေကုပ်ယူထားသည့်နယ်မြေများကို ယီမင်စစ်တပ်က တိုက်ခိုက်နှိမ်နင်း ခဲ့သည့်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ဆိုသည်။ သို့သော် အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ အကြမ်းဖက်သမားက အယောင်ဆောင်ဝင်ရောက်တိုက်ခိုက် ခြင်းမဟုတ်ဘဲ ဆိုးသွမ်းစိတ်ရိုင်းဝင်စစ်သားတစ်ဦးက ပြုလုပ်သွားခြင်းသာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။ `အသေခံဗုံးခွဲသမားက စစ်ဝတ်စုံကိုပဲဝတ်ဆင်ထားပါတယ်။ ဝတ်စုံအောက်မှာမှ အသေခံခွဲမယ့် ဗုံးတွေကို ခါးပတ်တွေနဲ့ပတ်ပြီးတပ်ဆင်ထားပါတယ်။`ဟု လက်နှင့် ဝတ်စုံများတွင် သွေးများပေကျံနေသူ ဗိုကြီးအာမင်အယ်လ်-အယ်ဂါဘာတီက ပြောသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။