Tuesday, May 29, 2012

ဒိုဟာတွင် မီးလောင်မှုဖြစ်ပွား၊ လူသေပျောက်မှုရှိ

ကာတာနိုင်ငံ ဒိုဟာမြို့တော်ရှိ ဈေးဆိုင်များ၊ ဖျော်ဖြေရေးလုပ်ငန်းများရှိသော ကုန်တိုက် အဆောက်အဦ ကြီးတစ်ခု တနင်္လာနေ့က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကလေး ၁၃ ဦးအပါအဝင် စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။ သေဆုံးသူများထဲတွင် ဆရာမလေးဦးနှင့် မီးသတ်သမား နှစ်ဦးပါဝင်ပြီး အခြား ၁၇ ဦးလည်း ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ကလေး ၁၃ ဦးတွင် ယောင်္ကျားလေး ၆ ယောက်နှင့် မိန်းကလေး ၇ ယောက်ပါဝင်ကြောင်း သိရသည်။ ကုန်တိုက်အဆောက်အဦခေါင်မိုးထပ်တွင်ရှိသော နေ့ကလေးထိန်းကျောင်းတွင် ကလေးငယ်များပိတ်မိနေ ပြီး မီးသတ်သမားများက သွားရောက်ကယ်တင်နိုင်ရန် ကြိုးစားခဲ့ကြောင်း အယ်ဂျာဇီယာသတင်းထောက် စတက်ဖ်နီဒက်ကာက အခင်းဖြစ်ပွားရာ ဗီလာဂျီယို ကုန်တိုက်ကြီးမှ သတင်းပေးပို့ခဲ့လေသည်။ ဂျင်ပင်ဇီဟု အမည်ရသော နေ့ကလေးထိန်းကျောင်းတွင် ကလေးငယ်များနှင့် ဆရာမများ အသက်ရှုကြပ် ၍ သေဆုံးခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ `သေဆုံးသွားသူကလေးတွေထဲမှာ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်အာဖရိက လူမျိုးကလေးတွေ အပါအဝင် အခြား ဥရောပနဲ့ အာရပ်က ကလေးတွေလည်း ပါဝင်ပါတယ်။ ကာတာက ကလေးတွေတော့ တစ်ယောက်မှ မပါပါဘူး။` `သေဆုံးသူ ဆရာလေးယောက်မှာ သုံးယောက်က ဖိလစ်ပိုင်ဖြစ်ပြီးတော့ နောက်တစ်ယောက်က တော့ အာဖရိကန်ဖြစ်ပါတယ်။` ဟု သတင်းထောက်မှ သတင်းပေးပို့ခဲ့သည်။ မီးလောင်မှုစတင်ဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရသေးကြောင်း၊ အာဏာပိုင်များမှ စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း ဆိုသည် ။ `လက်ဦးပိုင်း ဖြစ်စမှာ မြင်လိုက်တဲ့ မျက်မြင်သက်သေတစ်ဦးပြောပြချက်အရတော့ အစိမ်းရောင် မီးခိုးတွေစထွက်လာပြီး နောက်ပိုင်း မဲမှောင်သွားပြီးတော့ မီးခိုးလုံးတွေ နဲ့ ပိန်းပိတ်သွားတယ်လို့ ပြောပါတယ်။` `အဲဒီအချိန်မှာ အလိုအလျောက်မီးငြိမ်းသတ်ပေးတဲ့ မျက်နှာကြတ်ရေပန်းတွေလည်း အလုပ်မလုပ် ဘူးလို့ ဆိုပါတယ်။` ထို့ပြင်မျက်မြင်သက်သေများအဆိုအရ ကောင်းမွန်စံနစ်ကျသော ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ခြင်းကိုလည်း မတွေ့ရကြောင်း ဆိုသည်။ အချို့မျက်မြင်သက်သေများကလည်း အဆောက်အဦ၏ အရေးပေါ်ထွက်ပေါက် တံခါးမှာလည်း သော့ခတ် ထားကြောင်း ဆိုသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။