Friday, May 18, 2012

ဆီးရီးယားဗုံးကွဲမှု အယ်လ်ကေဒါလက်ချက်ဖြစ်ကြောင်း ဘန်ကီမွန်ပြောဆို

လက်နက်မဲ့ ကုလစောင့်ကြည့်ရေးတပ်ဖွဲ့ဝင်များ
ဆီးရီးယားမြို့တော်ဒမတ်စကက်တွင်လွန်ခဲ့သော အပတ်အတွင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၅၀ ကျော် သေဆုံးခဲ့ရသည့်ဖြစ်ရပ်သည် အယ်လ်ကေဒါလက်ချက်ဟု မိမိယုံကြည်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဘန်ကီမွန်က ပြောကြားလိုက်သည်။ `လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒမတ်စကတ်မှာ အလွန်ပြင်းထန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီရဲ့နောက်ကွယ်မှာ အယ်လ်ကေဒါလက်ချက်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအကြမ်းဖက်မှုကြောင့် နောက်ထပ်ပြဿနာတွေ အကြီးအကျယ်ဖြစ်လာခဲ့ပါတယ်။` ဟု ဘန်က ပြောခဲ့ သည်။ မေလ ၁၀ ရက်နေ့ ဒမတ်စကတ်ဗုံးပေါက်ကွဲမှုတွင် အနည်းဆုံး ၅၅ ဦးသေဆုံးပြီး ၃၇၂ ဦးဒဏ်ရာရရှိခဲ့ သည်။ လွန်ခဲ့သောနှစ်ဦးပိုင်းမှ စတင်၍ အာဆက်အစိုးရဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားခဲ့ချိန်မှ စ၍ အကြီး မားဆုံးသော တိုက်ခိုက်မှုကြီးတစ်ခုဖြစ်ခဲ့သည်။ ထို့ပြင် ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုများလျော့ပါးသွားစေရန်ရည်ရွယ်၍ စေလွှတ်ထားသော လက်နက်မဲ့ ကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့ဝင်များကိုလည်း နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့ကြောင်း ဘန်က ပြောသည်။ ဆီးရီးယားတွင် ကုလနှင့် အာရပ်အဖွဲ့ချုပ်မှ ကိုဖီအာနန်ကို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ ၎င်းတို့ ကမကထပြုသော ၅ ပတ်ကြာ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်ကို လေ့လာစောင့်ကြည့်ရန်အတွက် ကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့ဝင် ၂၅၇ ဦး စေလွှတ်ထားရှိသည်။ `စောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ထားရှိခြင်းအတွက် ပိုပြီးတော့ကောင်းလာမလားဆိုတဲ့ မျှော်လင့် ချက်ကတော့ အနည်းငယ်မှေးမှိန်နေပါတယ်။ အကြမ်းဖက်မှုတွေ လျော့ကျသွားပေမယ့် ကျေနပ်အားရ လောက်အောင်တော့ မဟုတ်သေးပါဘူး။` နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင် လူငယ်များကို မိန့်ခွန်း ပြောကြားရာတွင် ဘန်က ပြောကြားခဲ့ခြင်းဖြစ်သည်။ `အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်း ဆုံးအားထုတ်သွားကြရမှာဖြစ်ပါတယ်။` ဟု ဆို၏။ ဆီးရီးယားအရေးအခင်းအတွင်း လူပေါင်း ၁၀ ၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း ဘန်ကပြောသည်။ ဒမတ်စကတ်အစိုးရကလည်း နိုင်ငံခြားတိုင်းပြည်များမှ ထောက်ပံ့ထားသော အကြမ်း ဖက်များ၏ ဒဏ်ကိုခံနေရကြောင်း ပြောကြားလျက်ရှိသည်။ ယခုလအစောပိုင်းက ဆီးရီးယားက မိမိတို့နိုင်ငံတွင်းသို့အကြမ်းဖက်သမားများစေလွှတ်နေသော နိုင်ငံပေါင်း ၂၆ နိုင်ငံ၏ အမည်များကို ကုလသမဂ္ဂသို့ ပေးပို့တိုင်ကြားခဲ့သည်။ ယင်းတို့ထဲတွင် နိုင်ငံပေါင်း ၂၀ မှာ တူရကီမှ တဆင့် ဆီးရီးယားသို့ အယ်လ်ကေဒါအဖွဲ့ဝင်များ စေလွှတ်လျက်ရှိကြောင်း ဆိုသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။