Thursday, May 24, 2012

စာသင်ကျောင်းကို တာလီဘန်တို့ အဆိပ်ခတ်တိုက်ခိုက်

အာဖဂန်တွင် လပေါင်းများစွာအတွင်း ဒုတိယအကြိမ်တိုက်ခိုက်မှုအဖြစ် ကျောင်းတစ်ကျောင်းအား အဆိပ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းသူ ၁၂၀ ကျော်နှင့် ဆရာ သုံးဦးတို့အဆိပ်သင့်ခဲ့သည်။ ယင်းဖြစ်ရပ်အတွက် အာဖဂန်ရဲနှင့် ပညာရေးဆိုင်ရာတာဝန်ရှိသူများက နိုင်ငံမြောက်ပိုင်း လူမျိုးရေးအစွန်း ရောက်များအား အပြစ်တင်ပြောကြားလိုက်သည်။ တိုက်ခိုက်မှုကို တက်ခ်ဟာပြည်နယ်တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးနှင့် မိန်းကလေးများ ပညာသင်ကြားခြင်းကို ဆန့်ကျင်ကန့်ကွက်သည့် တာလီဘန်တို့က စာသင်ခန်းအတွင်းသို့ အဆိပ်မှုန့်များ ဖြန့်ကြဲထုတ်လွတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအဆိပ်မှုန့်များကို ရှုရှိုက်မိသည့်သူများ မူးဝေမေ့မျောကုန်ကြသည်။ ၂၀၁၄ တွင် နိုင်ငံခြားတပ်များအာဖဂန်မှ ဆုတ်ခွါခြင်းမတိုင်မီ ကျောင်းကိုပိတ်ပစ်စေလိုသဖြင့် တာလီဘန် တို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အာဖဂန်ထောက်လှမ်းရေး အမျိုးသားလုံခြုံရေးညွှန်ကြားမှုဌာန NDS ကပြောသည်။ `ဒီတိုက်ခိုက်မှုက ကျောင်းသူတွေကို ကျောင်းမလာရဲအောင်၊ သူတို့မိဘတွေက ကျောင်းကို မလွှတ် ရဲအောင် ခြောက်လှန့်တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။` ဟု NDS ပြောရေးဆိုခွင့်ရ လုဖူလာမာရှယ် ကပြောသည်။ ပြည်နယ် ၁၁ ခုရှိ ကျောင်းပေါင်း ၅၅၀ ကိုပိတ်ပစ်ရန် တာလီဘန်တို့က လိုလားလျက်ရှိကြောင်း အာဖဂန်ပညာရေးဝန်ကြီးဌာနက ပြောသည်။ လွန်ခဲ့သောလက တက်ခ်ဟာပြည်နယ်တွင် ကျောင်းတွင်းသောက်ရေကို အဆိပ်ခတ်ထားသဖြင့် ကျောင်းသူ ၁၅၀ အဆိပ်သင့်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် တာလီဘန်ကို အမေရိကန်ဦးဆောင်နေတိုးတပ်များက တိုက်ခိုက်ဖယ်ရှားပြီးနောက် ကျောင်းသူ သုံးသန်းခန့် ကျောင်းပြန်လည်တက်ရောက်ခဲ့ကြသည်။ တာလီဘန်လက်ထက်တွင် အမျိုးသမီး များအား ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်များပိတ်ပင်ထားခဲ့သည်။ ထို့ကြောင့် တာလီဘန်တို့ကို ထောက်ခံသော နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အစွန်းရောက် သမားများက ကျောင်းသားများ၊ ဆရာများ၊ ကျောင်းအဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ Source: Al jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။