Thursday, May 31, 2012

ကနေဒါတွင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ စာတိုက်မှပို့သော လူသတ်မှုဖြစ်ပွား

လုခ်ရော့ကိုမဂ္ဂနော့တာ
ကနေဒါတွင် လူသတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို စာတိုက်တစ်ဆင့် ပို့ဆောင်ပေးလိုက်သည့် အမှု တွင် တရားခံကိုရဲများက အမည်ဖေါ်ထုတ်ခဲ့ပြီး အဆိုးဝါးဆုံးရာဇဝတ်မှုခင်းတစ်ခုဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။ စစ်ဆေးချက်များအရ အာဏာရကွန်ဆာဗေးတစ်ပါတီသို့ ပေးပို့လိုက်သော ခြေထောက်တစ်ဖက်၊ အခြား အထုတ်အပိုးတစ်ခုအတွင်းတွေ့ရသော လက်တစ်ဖက်နှင့် မွန်ထရီရယ်မြို့အမှိုက်ပုံးတစ်ခုတွင်တွေ့ရသော ခန္ဓာကိုယ်အပေါ်ပိုင်း စသည်တို့မှာ လူတစ်ဦးတည်း၏ အစိတ်အပိုင်းများဖြစ်ကြောင်း ရဲကပြောကြားခဲ့ သည်။ ရဲက တရားခံဖြစ်သူမှာ လုခ်ရော့ကိုမဂ္ဂနော့တာ ခေါ် အဲရစ်ကလင်တန်နယူးမန်း ခေါ် ဗလာဒီမာရိုမန်နော့ဗ် ဖြစ်ကြောင်း ဓါတ်ပုံနှင့်တကွ ဖေါ်ပြခဲ့ပြီး တွေ့ရှိပါက အကြောင်းကြားပေးရန် ကနေဒါနိုင်ငံအနှံ့ ကြေငြာထားသည်။ ထို့နောက်ရဲများကြေငြာထားသည့် ဓါတ်ပုံထဲမှ လုခ်ရော့ကိုမဂ္ဂနာတာနှင့် တူသော ပုဂ္ဂိုလ်တစ်ဦး၏ ပုံများ အင်တာနက် ဝက်ဘ်ဆိုက်များပေါ်တွင် ဖေါ်ပြထားကြလေသည်။ ၎င်းဝက်ဘ်ဆိုက်များက ထိုသူသည် ကြောင်ကလေးများကို လည်ပင်းညှစ်သတ်ပြီး စပါးကြီးမြွေတစ်ကောင်ကို အစာကျွေးခဲ့သည့် ဗွီဒီယိုကို အင်တာနက်ပေါ်တွင် ပြသခဲ့သော လူဖြစ်ကြောင်းဆိုလေသည်။ အခြားဝက်ဘ်ဆိုက်များက ထိုသူသည် ကိုယ်ဟန်ပြမောင်တစ်ဦးဖြစ်ပြီး ညစ်ညမ်းကားများတွင် ပါဝင်သရုပ် ဆောင်သူဖြစ်ကြောင်း ဆိုသည်။ ဗုဒ္ဓဟူးနေ့က ခရီးဆောင်အိတ်အတွင်း ခန္ဓာကိုယ်အပိုင်းတွေ့ရှိခဲ့သည့် နေရာအနီးရှိ တရားခံ၏ မွန်ထရီရယ် စတူဒီယိုတွင် ရဲများက ဝင်ရောက်ပိုက်စိပ်တိုက်ရှာဖွေခဲ့သည်။ `အဲဒီနေရာမှာ ရဲတွေတစ်ညလုံး ရှာဖွေခဲ့ကြပါတယ်။ သူတို့အလုပ်လုပ်လာတဲ့ သက်တမ်းတစ် လျောက် ဒီလိုမှုခင်းမျိုးမကြုံဖူးကြပါဘူး။` ဟု မွန်ထရီရယ် ရဲတပ်ကြပ်ကြီး အီယန်လက်ဖရိန်ရီးက ပြောသည်။ `တရားခံနဲ့ အသတ်ခံရတဲ့သူတွေက အသိအကျွမ်းတွေပါပဲ။ အုပ်စုဖွဲ့ရာဇဝတ်မှုဂိုဏ်းတွေနဲ့ တော့ မပတ်သက်ပါဘူး။` ဟုဆိုသည်။ ခြေထောက်ပြတ်တစ်ချောင်းနှင့် လက်ပြတ်တစ်ချောင်းတို့ပါဝင်သော ပါဆယ်ထုတ်များကို အင်္ဂါနေ့က အိုတာဝါတွင် တွေ့ရှိခဲ့ကြပြီး မွန်ထရီရယ်မြို့ စာတိုက်မှ ပို့လိုက်ခြင်းဖြစ်သည်။ ခြေထောက်ပြတ်ထည့်ထားသော ပါဆယ်ထုတ်ကို ကွန်ဆာဗေးတစ်ပါတီ ဌာနချုပ်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ပြီး ဝန်ကြီးချုပ် စတီဖင်ဟာပါ၏ နိုင်ငံရေးအကြံပေး ဂျန်နီဘရန်းက ဖွင့်ကြည့်ခဲ့ရာ ခြေထောက်ပြတ်ကို တွေ့ရှိခဲ့သည်။ အထုပ်ကိုဖွင့်လိုက်သည်နှင့် တပြိုင်နက် ရုံးခန်းအတွင်း အပုတ်နံ့များလှိုင်သွားသည်ဟု ဆိုလေသည်။ `အတော်ကို ဆိုးရွားတဲ့ အပုတ်နံ့ပါပဲ။ ကျွန်တော်တို့တွေ အားလုံးအဲဒီအနံ့ကို မေ့လို့ရမှာ မဟုတ် တော့ပါဘူး။`ဟု ပါတီ၏ ပြောခွင့်ရ ဖရက်ဒီလိုရီက ပြောသည်။ အဆိုပါ ပါဆယ်ထုတ်သည် ကနေဒါကွန်ဆားဗေးတစ်ပါတီ ဌာနချုပ်ဟုသာ လိပ်မူထားပြီး တစ်ဦးတစ်ယောက်ကို သီးသန့်ရည်ညွှန်းပို့ဆောင်ခဲ့ခြင်းမဟုတ်ပေ။ ထို့နောက် အိုတာဝါမြို့စာတိုက်ဌာနတွင် လက်ပြတ်တစ်ဖက်ပါဝင်သော ပါဆယ်ထုတ်ကို တွေ့ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ရဲက အတည်ပြုခဲ့သည်။ ယင်းအထုတ်သည် မည်သူ့ထံသို့ လိပ်မူထားသည်ကိုမူ ရဲက ထုတ်ဖေါ်ပြောကြားခြင်းမရှိပေ။ မွန်ထရီရယ်မြို့တွင် အင်္ဂါနေ့က အဆောက်အဦတစ်လုံး၏ အနောက်ဘက် အမှိုက်စွန့်သည့်နေရာတွင် ခရီးဆောင်အိတ်တစ်လုံးအတွင်း လူ့ခန္ဓာကိုယ်အပေါ်ပိုင်းပြတ်တစ်ခု အမှိုက်သိမ်းသူတစ်ဦးကတွေ့ရှိခဲ့ပြီး နောက် အိုတာဝါရဲများနှင့် မွန်ထရီရယ်ရဲများ ဆွေးနွေးပြောဆိုမှုများပြုလုပ်ခဲ့ကြလေသည်။ Source: AL Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။