Tuesday, May 29, 2012

တိန်အန်မန် အရေးအခင်းတွင်း သေဆုံးခဲ့သူများကိစ္စ တရုတ်လျစ်လျူရှု

တိန်အန်မန်ရင်ပြင်ဆန္ဒပြပွဲအတွင်း အသတ်ခံခဲ့ရသည့် သားဖြစ်သူအတွက် အစိုးရက တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိသည့် အပေါ် မကျေနပ်ဆန္ဒပြသည့်အနေနှင့် ဖခင်ဖြစ်သူက မိမိကိုယ်ကိုယ် ဆွဲကြိုး သတ်သေခဲ့သည့် အမှုတစ်ခု တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ဖြစ်ပွားခဲ့ကြောင်း တိန်အန်မန်မိခင်များ ဟု အမည်ရသော အုပ်စုက ပြောကြားခဲ့သည်။ အသက် ၇၃ နှစ် ရှိ ယာဝေလင်းသည် ဘေဂျင်းမြို့ရှိ အထပ်မြင့်အဆောက်အဦတစ်ခု၏ မြေအောက်ထပ် ကားရပ်နားရာ နေရာဟောင်းတစ်ခုအတွင်း သတ်သေခဲ့ခြင်းဖြစ်ကြောင်း ယူဆရလေသည်။ ၁၉၈၉ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် တိန်အန်မန်အရေးအခင်းဖြစ်ပွားခဲ့ပြီး အစိုးရက ချေမှုန်းခဲ့ရာတွင် အရပ်သား ရာနှင့်ချီ၍ သေဆုံးခဲ့သည်။ အစိုးရက စစ်ဥပဒေထုတ်ပြန်ထိန်းချုပ်ခဲ့ပြီး ဆန္ဒပြသူ အင်အား ငါးသိန်းခန့်ရှိကာ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် လွတ်လပ်မှုအတွက် တောင်းဆိုခဲ့ကြသည်။ တိန်အန်မန်မိခင်များ ဝက်ဘ်ဆိုက်တွင် ယာဝေလင်း၏ သားဖြစ်သူ ယာအိုင်ဂူသည် ဘေဂျင်းတွင် စစ်တပ်မှ ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းတွင် သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ဖေါ်ပြထားသည်။ အဆိုပါဝက်ဘ်ဆိုက်၌ပင် ယာအိုင်ဂူ၏ မိခင်က သူမ၏သားသည် ထိုစဉ်က အသက် ၂၂ ရှိပြီး အလုပ် တစ်ခုလျှောက်ထားစောင့်ဆိုင်းနေစဉ် သူ့ရည်းစားနှင့် ဈေးဝယ်ထွက်ရာမှ ညနေပိုင်းတွင် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဆိုသည်။ ယာဝေလင်းသည် သူ့သားသေဆုံးခဲ့ရခြင်းပတ်သက်သော အချက်အလက်အသေးစိတ်များကို ရေးသားထားသော စာရွက်တစ်ခု ကိုင်ဆောင်ထားခဲ့သည်ဟု မိသားစုဝင်များပြောပြချက်နှင့် အတူဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတစ်စောင်ကိုလည်း တိန်အန်မန်မိခင်များ ဝက်ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။ အဆိုပါ စာရွက်၌ မိမိသားသေဆုံးခဲ့သည်မှာ အနှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပြီး အစိုးရက တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်ပေးခြင်းမရှိသည့် အတွက် ဆန္ဒပြယင်း သေမည်ဖြစ်သည်ဟု ရေးသားထားကြောင်း သိရသည်။ `ဒီအကြောင်းကို ရေးပြီး တင်ပြနေတာ ၁၈ နှစ်ရှိသွားပါပြီ။ ဒါပေမယ့် တစ်ခါမှအကြောင်းမပြန်ခဲ့ပါ ဘူး။ တစ်ခါကလေးတောင် အကြောင်းမပြန်ပါဘူး။ သူတို့က ဒီကိစ္စကို လုံးဝလျစ်လျူရှုထားပါတယ်။ ` ဟု ၂၀၀၇ ခုနှစ်အတွင်းက ကာတာလိုနီးယန်း ရုပ်မြင်သံကြား ၃ နှင့်အင်တာဗျူးဖြေကြားရာတွင် ယာဝေလင်း ကပြောကြားခဲ့ဖူးသည်။ ယာဝေလင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ဘေဂျင်းရဲဌာနသို့ ဖက်စ်နှင့်ပို့၍ မေးမြန်းထားရာတွင် တစ်စုံတစ်ရာတုံ့ပြန်ဖြေဆိုခြင်းမရှိသေးပေ။ တိန်အန်မန်အရေးအခင်းသည် ၁၉၈၉ ခုနှစ် ဇွန်လ ၃-၄ ရက်များတွင် ဖြစ်ပွားခဲ့ပြီး ယာဝေလင်းသည် နှစ်ပတ်လည်မတိုင်မီ တစ်ပတ်အလိုတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ တိန်အန်မန်အရေးအခင်းနှင့် ပတ်သက်၍ အစိုးရက လုံးဝရေငုံနှုတ်ပိတ်ထားပြီး ကျောင်းသုံးစာအုပ်များတွင် ပြဌာန်းခြင်းမရှိ၊ လူထုကြားပြောဆိုဆွေးနွေးမှုများကိုလည်း တင်းကြပ်စွာ ပိတ်ပင်တားမြစ်ထားလေသည်။ တိန်အန်မန်အရေးအခင်းအတွင်း သေဆုံးခဲ့သူများ၏ မိခင်များဖြင့် ဖွဲ့စည်းထားသော တိန်အန်မန်မိခင်များ အဖွဲ့က အခါအခွင့်သင့်တိုင်း တရုတ်အစိုးရခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာများပေးပို့ကာ ဖြေရှင်း ပေးရန် တောင်းဆိုလျက်ရှိသည်။ ကျောင်းသားများဦးဆောင်သော ယင်းအရေးအခင်းအတွင်း စစ်တပ်မှ သတ်ဖြတ်၍ သေဆုံးခဲ့သူများ အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်၊ ယင်းကိစ္စတွင် တာဝန်ရှိသူများကို အပြစ်ပေးရန်၊ သက်ဆိုင်ရာ မိသားစုများကို လျှော်ကြေးများပေးရန် တောင်းဆိုမှုများ ပြုလုပ်လာသည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် တရုတ်အစိုးရက မည်သည့်အခါကမျှ ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း ဆိုသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။