Friday, June 1, 2012

ထိုင်းရှပ်ဝါများ ပါလီမန်ကို ဆန္ဒပြ

ထိုင်းနိုင်ငံသို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် တရားဝင်ပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက် အဓိကဦးတည်ပြဌာန်းမည့်ဥပဒေဟု အတိုက်အခံများက ဝေဖန်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး ဥပဒေတစ်ရပ် ထိုင်းပါလီမန်အတွင်းဆွေးနွေးနေခြင်းကို ရပ်ဆိုင်းထားရန် ရှပ်ဝါများက ဆန္ဒပြခဲ့ကြသည်။ ရှပ်ဝါများဟု သိကြသော ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီ (PAD ) ပါတီမှ အင်အား ၁ ၀၀၀ ကျော်ခန့် သောကြာနေ့က ပါလီမန်ကို ဝန်းရံထားကြပြီး ဘန်ကောက်မြို့တွင်းသို့ဝင်ရောက်မည့်လမ်းများကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။ ပါလီမန်အတွင်းဝင်ရောက်မည့် ကိုယ်စားလှယ်များကိုလည်း ဝင်ရောက်ခွင့်မပြုခဲ့ကြပေ။ `အခြေအနေအေးအေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေဖို့ အစည်းအဝေးကို ရပ်ဆိုင်းထားလိုက်ဖို့ ကျွန်တော် ညွှန်ကြားထားပြီးပါပြီ။` ဟု ပါလီမန်ဥက္ကဌ ဆွမ်ဆက်ကီယက်ဆူရန်နော့က သောကြာနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။ `အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီးတော့မှ ဘယ်အချိန်အစည်းအဝေးပြန်လည်စတင် မယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ပါမယ်။` ဟု ဆို၏။ ပါလီမန်အပြင်ဘက်တွင် ရဲများနှင့် ဆန္ဒပြသူများ အနည်းငယ် တွန်းတွန်းတိုက်တိုက်ဖြစ်ပွားခဲ့သည်။ သက်ဆင်အားမျက်ကွယ်တွင် ချမှတ်ထားသည့် ထောင်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရစေပြီး ထိုင်းနိုင်ငံ အတွင်းပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန် ဥပဒေကို အသုံးချလိမ့်မည်ဟု ရှပ်ဝါဝတ်များက စွပ်စွဲပြီး ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။ ဥပဒေအရ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ နှစ်လယ်ပိုင်းခန့်အထိ ထိုင်းနိုင်ငံရေးတွင် မငြိမ်မသက်ဖြစ်မှုများနှင့် အမှားအယွင်းဖြစ်ခဲ့သော ပါတီများအားလုံးကို လွတ်ငြိမ်းခွင့်ပြုနိုင်မည်ဖြစ်သည်။ သောကြာနေ့က ဆန္ဒပြပွဲတွင် လက်ရှိအစိုးရအား ဆန့်ကျင်သည့် စာတမ်းများကိုင်ဆွဲထားကြပြီး ပါလီမန် ပတ်လည်တွင် ဝန်းရံဆန္ဒပြခဲ့ကြသည်။ လုံထိန်းရဲများက ပါလီမန်ကို ကာကွယ်ထားကြပြီး ဆန္ဒပြခေါင်းဆောင် ချမ်လောင်ဆရီမူအန်က ထရပ်ကား တစ်စင်း၏ ခေါင်းမိုးပေါ်သို့တက်ရောက်ကာ အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး ဥပဒေအဆိုတင် သွင်းချက်ကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ `ဒီကိစ္စကို အစိုးရနဲ့ ကျွန်တော်တို့ ညှိနှိုင်းရပါမယ်။ ကျွန်တော်တို့ပြောတာ နားမထောင်ဘူးဆိုရင် တော့ PAD ပါတီဆိုတာက ဝန်ကြီးချုပ်တွေကို ဖြုတ်ချတဲ့နေရာမှာ အင်မတန်ထူးချွန်ပြောင်မြောက်တယ် ဆိုတာ သိရပါလိမ့်မယ်။` ဟု ပြောသောအခါ အောက်မှ လူအုပ်ကြီးက အားပေးခဲ့ကြလေသည်။ ဝေဖန်သူများက ဥပဒေသည် သက်ဆင်ပြန်လည်နိုင်ရေးအတွက် တစ်စိတ်တစ်ပိုင်းရေးဆွဲထားကြောင်း ဆိုသည်။ ၂၀၀၆ ခုနှစ်အတွင်းကစစ်တပ်မှအာဏာသိမ်းပြီးသက်ဆင်ကိုဖယ်ရှားခဲ့သည်။ လက်ရှိအစိုးရကို သက်ဆင်၏ ညီမတော် ယင်လပ်ရှင်နာဝပ်ထရာက ဦးဆောင်ပြီး လွန်ခဲ့သော ဇူလိုင်လ ရွေးကောက်ပွဲအတွင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်လပ်အစိုးရကို သက်ဆင်က ဒူဘိုင်းမှ နေ၍ ကြိုးဆွဲညွှန်ကြားနေကြောင်း အများစုက ထင်မြင်ကြသည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် သက်ဆင်အား လာဘ်စားမှုများဖြင့် ထောင်ဒဏ်နှစ်နှစ် မျက်ကွယ်တွင် ချမှတ်ထားခဲ့ပြီး ထိုအချိန်မှ စ၍သက်ဆင်သည် နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်နေထိုင်ခဲ့ပြီး ယခုအခါ ဒူဘိုင်းတွင်နေထိုင်လျက်ရှိသည်။ သက်ဆင်က သူ့တွင် အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။ ၂၀၀၆ ခုနှစ်စက်တင်ဘာလအတွင်းက ရှပ်ဝါဝတ်များဦးဆောင်သော ဆန္ဒပြပွဲများကျင်းပခဲ့ပြီးနောက် စစ်တပ်မှ အာဏာသိမ်းကာ သက်ဆင်ကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။