Tuesday, June 19, 2012

ပင်လယ်ညစ်ညမ်းမှု စိုးရိမ်အမှတ်ရောက်ရှိ (သတင်းဆောင်းပါး)

မကြာသေးမီက သိပ္ပံပညာရှင် သုတေသီများရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာ့သမုဒ္ဒရာကြီးများ ညစ်ညမ်းလာမှု အခြေအနေတွေက စိုးရိမ်စရာဖြစ်နေပြီလို့ ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်ဝဲဂယက်ကြီးက ကြီးမားကျယ်ပြန့်လို့လာပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းလေး ဆယ်အတွင်း အဆ တစ်ရာတိုးပွားလာပြီး ပိုက်တိုပလန့်တွန်း လို့ခေါ်တဲ့ ကမ္ဘာ့လေထုတွင်းကို အောက်ဆီဂျင်အဓိက ထုတ်လုပ်ပေးနေတဲ့ အဏုဇီဝ ပင်လယ်ပိုးမွှားတွေ အများအပြားဆုံးရှုံးကျဆင်းသွားပါတယ်။ အလွန်အကျွံငါးဖမ်းယူမှုတွေကြောင့် ပင်လယ်ငါးဦးရေကျဆင်း လာပြီး ပင်လယ်တွင်းဆားဓါတ်ဆုံးရှုံးမှုတွေကြောင့် ရာသီဥတုပြင်းထန်ဖေါက်ပြန်မှုတွေ၊ ပင်လယ်ပြင်ပူနွေးမှုတွေဖြစ် ပြီး အာတိတ်ရေခဲပြင် အရည်ပျော်ကျမှုနှုန်းကို မြင့်တက်လာစေပါတယ်။ လူသားတွေရဲ့ ပယောဂကြောင့် ပင်လယ်သမုဒ္ဒရာတွေ ထိခိုက်ပျက်စီးမှု တိုးပွားလာတဲ့အကြောင်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့ စခရစ္စပ်စ် အဏ္ဏဝါဗေဒဌာနရဲ့ ထင်ရှားတဲ့ ဇီဝဗေဒသိပ္ပံပညာရှင် ဂျရမီဂျက်ဆင်က သတိပေးပြောကြားလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ထုတ် Proceedings of the National Academy of Sciences ဂျာနယ်က ဆောင်းပါးတစ်ပုဒ်မှာ ဂျက်ဆင်က လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အပြုအမူအနေအထိုင်တွေ မပြောင်းလဲဘူးဆိုရင် အကြောင်းရင်းမသိရတဲ့ ဂေဟဗေဒစံနစ် အပြောင်းအလဲတွေဖြစ်ပေါ်လာပြီး သမုဒ္ဒရာတွင်းသက်ရှိတွေ မျိုးတုန်းကုန် လိမ့်မယ်လို့ သတိပေးရေးသားခဲ့ပါတယ်။ ဒီသတိပေးစကားဟာ အလွန်အကျွံချဲ့ကားပြောတာလို့ ထင်ကောင်းထင် နိုင်ပါတယ်။ ဒါပေမယ့် သိပ္ပံဆောင်းပါးရှင် အယ်လန်နာမစ်ရှဲကလည်း သမုဒ္ဒရာနဲ့ပတ်သက်လို့ အောက်ပါအတိုင်း ရေးသားသတိပေးခဲ့ပြန်ပါတယ်။ `သင်ငိုလိုက်တဲ့ မျက်ရည်တစ်ပေါက်ဟာ ပင်လယ်ဆီကို ရောက်ပါတယ်။ သင်ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောင်ဆိုဒ်ရဲ့ တတိယမော်လီကျူးတစ်ခုဟာလည်း ပင်လယ်ဆီကိုရောက်ပါတယ်။ သင်စက္ကန့်တိုင်းရှုသွင်းနေတဲ့ အောက်ဆီဂျင်ကို အဏုဇီဝပိုးမွှားတွေက ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။` ဘရားဇီးနိုင်ငံရိုင်ရိုဒီဂျနဲရိုးမြို့မှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ၂၂ ရက်နေ့အထိကျင်းပမယ့် ကမ္ဘာ့သဘာဝကျင် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကြီးမှာ အဲဒီကိစ္စတွေအပါအဝင် အခြားထိန်းသိမ်းရေးကိစ္စတွေကို အကျယ်တဝံ့ဆွေးနွေး ကြမှာဖြစ်ပါတယ်။ လူသားပယောဂကြောင့် ညစ်ညမ်းပျက်စီးရတဲ့ အခြေအနေတွေကို ပင်လယ်ပြင်အတွင်းမှာတာ့ အထင်ရှားဆုံးတွေ့မြင် ကြရပါတယ်။ ညစ်ညမ်းမှုဖြစ်ရတဲ့ အခြေခံအကြောင်းအရာတွေ မြောက်များစွာထဲက အထင်ရှားဆုံးတစ်ခုကတော့ ပင်လယ်ထဲမှာ အကြီးအကျယ်ဝဲကတော့ထိုးနေတဲ့ ပလတ်စတစ်စက်ဝိုင်းကြီးတွေပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ နောက်ဆုံးတွေ့ရှိထားတဲ့ ပင်လယ်ထဲက အမှိုက်ပုံကြီးကတော့ မြောက်ပစိဖိတ်အပူလျော့ပိုင်း ပလတ်စတစ်ဝဲဂယက်ကြီးပဲဖြစ်ပါတယ်။ အဲဒါကို `ပစိဖိတ်အမှိုက်ကြီး` လို့ နာမည်ပေးထားပါတယ်။ အဲဒီအမှိုက်ပုံကြီးဟာ လူသားစွန့်ပစ်ပလတ်စတစ်ပစ္စည်း အပိုင်းအစလေးတွေနဲ့ ဖွဲ့စည်းပြီး ဧရာမကြီးဖြစ်နေတာပါ။ ဟာဝိုင်အီနဲ့ ကယ်လီဖိုးနီးယားကြားမှာရှိတဲ့ အမှိုက်ပုံကြီးရဲ့အရှေ့ဘက် အပိုင်းတင်ပဲ တက္ကဆက်ပြည်နယ်ရဲ့ နှစ်ဆ လောက်ကျယ်ဝန်းပါတယ်။ မေလ ၈ ရက်နေ့ထုတ် လေ့လာစစ်တမ်းရဲ့ ဖေါ်ပြချက်အရ ပင်လယ်တွင်း ဂေဟဗေဒ စံနစ်ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေတယ်လို့ ဆိုပါတယ်။ စခရစ္စပ်စ် အဏ္ဏဝါဗေဒဌာနရဲ့ သုတေသီနဲ့ လေ့လာရေးအဖွဲ့ခေါင်းဆောင် မာရီယမ်ဂိုးလ်စတိန်းက အယ်ဂျာဇီယာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပင်လယ်ထဲမှာ ဒီလောက်ကြီးမားတဲ့ ပလတ်စတစ်အမှိုက်ပုံကြီး ရှိနေတာကြောင့် သမုဒ္ဒရာဂေဟဗေဒစံနစ်ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေတယ်လို့ ပြောသွားပါတယ်။ `အမှိုက်ပုံပလတ်စတစ်တွေပေါ်မှာ ဆီးစကိတ်တာ လို့ခေါ်တဲ့ ပင်လယ်ရေပေါ်အင်းဆက်ကောင်တွေရဲ့ ဥတွေ ကျွန်မတို့တွေ့ရပါတယ်။ ရေပေါ်အင်းဆက်ကောင်တွေဟာ ဝဲဂယက်တွေရှိတဲ့ နေရာတွေမှာ နေလေ့ရှိပြီး သူတို့ရဲ့ဥတွေကို ပေါလောပေါ်နေတဲ့ အရာဝတ္ထုတွေအပေါ်မှာ ဥချလေ့ရှိပါတယ်။ ပလတ်စတစ်အမှိုက်တွေများလာ တာနဲ့အမျှ သူတို့ဥတွေလည်း များလာပါတယ်။` `ကျွန်မတို့လေ့လာတွေ့ရှိချက်တွေအရ သုမုဒ္ဒရာရဲ့ဂေဟဗေဒစံနစ်မှာ ကြိုတင်ခန့်မှန်းတွက်ချက်လို့မရ နိုင်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့သမုဒ္ဒရာကြီးတွေမှာ သမုဒ္ဒရာရေစီးကြောင်းကြောင့် ဖြစ်ပေါ်နေတဲ့ ဝဲဂယက်ကြီး ငါးခုရှိပါတယ်။ သူတို့က သမုဒ္ဒရဲ့အကြီးဆုံးအစိတ်အပိုင်းတွေဖြစ်ပြီးတော့ အားလုံးပေါင်း စပ်ပြီးတော့မှ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာအဖွဲ့အစည်းဖြစ်ပေါ်လာတာပါ။ ဒါကြောင့် သူတို့ကို သွားပြီးတော့ အပြောင်းအလဲတွေ ဖြစ်စေမယ်ဆိုရင် ကျန်တဲ့ ကမ္ဘာ့အခြေအနေအရပ်ရပ်ပေါ်မှာ မမျှော်လင့်တဲ့ အကျိုးသက်ရောက် မှုတွေ ဖြစ်လာစေမှာ မလွဲပါဘူး။` စသည်ဖြင့် ဂိုးလ်စတိန်းက ရှင်းပြပြောဆိုသွားခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်အရ ပလတ်စတစ်ကြောင့် ဖြစ်ရသော ညစ်ညမ်းမှုတစ်မျိုးတည်းနှင့်ပင် သမုဒ္ဒရာအစာသံသရာ အတွင်း အလွန်ဆိုးရွားသော အကျိုးဆက်များဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။ စခရစ္စပ်စ်မှ ပြုစုသော နောက်ထပ်လေ့လာရေးစာတမ်းတစ်စောင်တွင် လေ့လာရေးခရီးစဉ်အတွင်းဖမ်းဆီးစစ်ဆေးခဲ့ သော ငါးများထဲမှ ၉ ရာခိုင်နှုန်း၏ ဝမ်းဗိုက်ထဲတွင် ပလတ်စတစ်စများတွေ့ရှိရကြောင်း တင်ပြထားပါတယ်။ Marine Ecology Progress Series ဂျာနယ်တွင် ဖေါ်ပြထားသော စစ်တမ်းအရလည်း မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်း မနက်လွန်းမတိမ်လွန်းသော ပင်လယ်ရေပြင်အတွင်းဖမ်းဆီးရမိသော နှစ်စဉ်ငါးတန်ချိန် ၁၂ ၀၀၀ မှ ၂၄ ၀၀၀ အထိရှိသော ငါးများ၏ ဝမ်းဗိုက်အတွင်း ပလတ်စတစ်များမျိုချ ထားကြောင်း ရေးသားထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် သိပ္ပံအကယ်ဒမီကျောင်းမှ သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ ဝဲလေ့စ် ဂျေနစ်ကိုးလ်စ်က သူ သွားရောက်လည်ပတ်ခဲ့ဖူးသည့် ကမ်းခြေတိုင်းတွင် ပလတ်စတစ်အမှိုက်များတွေ့ရကြောင်း၊ ထို့ကြောင့် ပင်လယ် လိပ်များအနေနှင့် သက်တမ်းတစ်လျှောက် မည်သည့်နည်းနှင့်မဆို ယင်းပလတ်စတစ်များနှင့် ပတ်သက်တွေ့ကြုံရ မည်သာဖြစ်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။ ပင်လယ်ကူးသင်္ဘော မာလိန်မှူးနှင့် အဏ္ဏဝါဗေဒအကြံပေးတစ်ဦးဖြစ်သူ ဂျိုးရွိုင်လီက သူလည်း အလားတူ အတွေ့အကြုံမျိုးရှိကြောင်း ဆိုပါတယ်။ `သမုဒ္ဒရာအနှံ့ကျွန်မ သွားလာဖူးနေတာ ၁၃ နှစ်ရှိသွားပါပြီ။ အန္တာတိကတိုက်ရဲ့ ကမ်းခြေမှာ ပလတ်စတစ်တွေသောင်တင်နေတာ တွေ့ဖူးပါတယ်။ လူသူမရောက်မပေါက်တဲ့ ကျွန်းတွေရဲ့ကမ်းခြေတွေမှာတောင် ပလတ်စတစ်တွေရောက်နေတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ လွန်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ ဆိုရင်ပိုပြီးတော့များလာ တာသတိထားမိပါတယ်။ ပလတ်စတစ်မရှိတဲ့ကမ်းခြေကိုရောက်ခဲ့ဖူးတာ ဘယ်တုန်းကလဲ ဆိုတာတောင် မမှတ်မိ တော့ပါဘူး။` ဟု ဆိုပြောပါတယ်။ ဗြိတိသျှ၊ ဆောက်သန်တန်တက္ကသိုလ် အမျိုးသားအဏ္ဏဝါဗေဒဌာနမှ အဏ္ဏဝါဇီဝသိပ္ပံပညာရှင် ဒေါက်တာ ဒီဘိုရာ အဂ္ဂလစ်ရှား-ရော်ဒရီဂတ်စ်ကလည်း အောက်ပါအတိုင်း ပြောပါတယ်။ `ပင်လယ်ညစ်ညမ်းမှုက အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ပင်လယ်ဟာ အကန့်အသတ်မရှိတဲ့ အရွေ့ စွမ်းအင်တည်ရှိတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ပလတ်စတစ်အစိတ်အပိုင်းငယ်လေးတွေက ပင်လယ်သတ္တဝါတွေရဲ့ အစာစံနစ်မှာသွားပြီးတော့ နှောက်ယှက်နေတော့ ငါးသေဆုံးမှုနှုန်းတွေတိုးပွားလာပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲအဖြစ် အစားအသောက်လုံခြုံရေးနဲ့ ကမ်းခြေဒေသပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပါတယ်။ ညစ်ညမ်းမှုတွေက သမုဒ္ဒရာမှာ အလွန်ဆိုးဆိုးရွားရွားဖြစ်နေပြီး အမြန်ဆုံးဖြေရှင်းကြဖို့လိုအပ်ပါတယ်။` ကမ္ဘာ့သမုဒ္ဒရာတွေထဲမှာ ညစ်ညမ်းအကျိုးသက်ရောက်မှုတွေ ဖြစ်ပွားနေတဲ့ နောက်ထပ်နေရာတွေက ကမ်းရိုးတန်း ဒေသတွေမှာရှိတဲ့ Dead Zones ခေါ် `အသေဇုံ` တွေပဲဖြစ်ပါတယ်။ ဒီနယ်မြေတွေက သဘာဝတရားကြောင့်လည်း ဖြစ်တတ်ပေမယ့် လူလုပ်ညစ်ညမ်းမှုတွေ၊ စက်ရုံအလုပ်ရုံထုတ်စွန့်ပစ်ပစ္စည်းတွေကြောင့် ပိုမိုဆိုးဝါးလာရပါတယ်။ အမေရိကန် အမျိုးသားအဏ္ဏဝါဗေဒနှင့် ကမ္ဘာ့လေထုထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ ထုတ်ပြန်သော စစ်တမ်းအရ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် သမုဒ္ဒရာများပူနွေးလာစေခဲ့တယ်လို့ပြောပါတယ်။ ဒါကြောင့် အောက်ဆီဂျင်ကို ထိန်းသိမ်းထား နိုင်တဲ့ အင်အားလျော့နည်းသွားစေတယ်လို့ဆိုပါတယ်။ ဖေါ့စပရစ်နဲ့ နိုက်ထရိုဂျင်တို့အဓိကပါဝင်တဲ့ စက်ရုံထုတ်ဓါတုဓါတ်မြေသြဇာများအလွန်အကျွံသုံးစွဲခြင်းကလည်း သမုဒ္ဒရာ အတွင်း အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ အဲဒီစက်ရုံတွေက စွန့်ပစ်ပစ္စည်းတွေ သမုဒ္ဒရာတွင်းသို့ရောက်ရှိတဲ့အခါ အခါ ရေမှော်ပင်များ ပိုမိုရှင်သန်ဖွံ့ဖြိုးစေဖို့အားပေးပြီး ကျန်တဲ့ ပင်လယ်သတ္တဝါများအတွက် အောက်ဆီဂျင်ရှားပါး ပြတ်လပ်မှုကို ဖြစ်ပေါ်စေပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံးနဲ့ ကမ်းခြေဒေသမှာ လူလုပ် အသေဇုံဖြစ်ပေါ်မှု အကြီးဆုံးနေရာတစ်ခုက မက္ကဆီကို ပင်လယ်ကွေ့အတွင်းမှာ တည်ရှိပါတယ်။ အထက်ဖေါ်ပြပါ ဓါတုပစ္စည်းတွေ၊ တိရစ္ဆာန်အစားအသောက်တွေမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်စွန့်ပစ်ပစ္စည်းတွေ၊ အမှိုက်သန့်စင်စက်ရုံတွေ၊ မြို့ပြတွေကစွန့်ပစ်တွေ စီးမျောလာပြီး မစ္စစပီမြစ်ဝမှာ လာရောက်ပို့ချတာတွေ အားလုံးပေါင်းစပ်ပြီးတော့ အသေဇုံကြီးတစ်ခု ဖြစ်ထွန်းနေပါတယ်။ `အားလုံးမက္ကဆီကို ပင်လယ်ကွေ့မှာ ပေါင်းဆုံပြီးတော့ နွေရာသီရောက်ပြီဆိုရင် ရေမှော်ပင်တွေတောထ နေပြီ။ အဲဒီရေမှော်ပင်တွေ သေတော့ ရေအောက်ကို မြုပ်သွားတယ်။ အဲဒီမှာ ဘက်တီးရီးယားတွေက စားသောက်ပြီးတော့ ရေထဲမှာ အောက်ဆီဂျင်ပါဝင်မှုနှုန်းလျော့ကျသွားစေတယ်။ နောက်ထပ် အောက်ဆီဂျင်ပျော်ဝင်နိုင်စွမ်းလည်း မရှိတော့ဘူး။ အဲဒီအခါမှာ အသက်ရှုမွန်းကြပ်လာတဲ့ ရေနေသတ္တဝါတွေဟာ အဲဒီနေရာကနေ လွတ်အောင် ကူးမပြေးနိုင်ရင် သေတာပဲ။` ဟု ပင်လယ်ကွေ့ပြန်လည်ထိန်းသိမ်းရေးကွန်ယက်၊ သိပ္ပံနှင့် ရေထုဆိုင်ရာ မူဝါဒရေးရာ ဒါရိုက်တာ မက်ရိုတာက ပြောပါတယ်။ မက္ကဆီကို အသေဇုံကို ၁၉၈၅ ခုနှစ်အတွင်းက တိုင်းတာစဉ်က ၉ ၇၇၄ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ဆက်လက် ကြီးထွားလာနေလျှက်ရှိကြောင်း တွေ့ရပါတယ်။ နှစ်စဉ် မစ္စစပီမြစ်ဝမှာ အသေဇုံ ပေါ်ပေါက်လေ့ရှိပြီး လူဝီဆီယားနားကမ်းခြေ တစ်ခုလုံးအပါအဝင် တက္ကဆက်အထိ ကျယ်ပြန့်ကြောင်းတွေ့ရပါတယ်။ လူဝီဆီယားနား တက္ကသိုလ် အဏ္ဏဝါဗေဒဌာနမှ ဒေါက်တာနန်စီရာဘာလားယစ်မှ ၁၉၈၀ နှစ်များအလယ်ခန့်တွင် ယင်း မက္ကဆီကို အသေဇုံကြီးကို တွေ့ရှိခဲ့ပြီးတော့ နှစ်စဉ်ဆက်လက်လေ့လာနေခဲ့ပါတယ်။ သူမနှစ်စဉ်တိုင်းတာလာ ရာမှာ အရင်က မစ္စမပီမြစ်ဝအနောက်ဘက်မှာပဲ အသေဇုံဖြစ်ထွန်းလေ့ရှိပြီး အခုဆိုရင် အရှေ့ဘက်မြစ်ဝမှာပါ လာရောက်ဖြစ်ထွန်းနေတာတွေ့ရတယ်လို့ ပြောပါတယ်။ `အသေဇုံဖြစ်ထွန်းမှုကြောင့် လူဝီဆီယားနားက ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်ကုန်ပါတယ်။ ငါးဖမ်းလှေတွေ အနေနဲ့ အသေဇုံလွတ်ရာ ကမ်းလွန်ပင်လယ်ပြင်ထဲ နောက်ထပ်အဝေးကြီးထွက်ပြီး ငါးဖမ်းနေကြရတယ်။` ဟု သူမက ရှင်းပြပါခဲ့ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ရာမှာတော့ အရင်းအမြစ်က မြစ်ရဲ့ အထက်မှာရှိတဲ့ လူတွေရဲ့ စားသောက်နေထိုင်မှု ပုံစံတွေ အပေါ်မှာ မူတည်တဲ့ အကြောင်းပြောပါတယ်။ `အထက်ပိုင်း ရေဝေဒေသမှာ ဒီလိုပဲ အလားတူ ညစ်ညမ်းမှုရှိနေပါတယ်။ ဒါကြောင့် အထက်ပိုင်းမှာ ဖြေရှင်းလိုက်မယ် ဆိုရင် ဒီမြစ်ဝနဲ့ ကမ်းလွန်ပင်လယ်ပြင်ဒေသ ရေထုညစ်ညမ်းမှုကိုပါ ဖြေရှင်းပြီးသားဖြစ်သွားပါ လိမ့်မယ်။` လို့ သူမကပြောသွားပါတယ်။ ဒါပေမယ့် သူမမှာလည်း ပြဿနာတစ်ခုက သုတေသနထောက်ပံ့ကြေးငွေပါ။ သူမကို အမျိုးသားအဏ္ဏဝါနှင့် လေထုအဖွဲ့က ထောက်ပံ့ပေးထားပြီး နောက်နှစ်ကစလို့ ထောက်ပံ့ကြေးဖြတ်တော့မယ့် အခြေအနေမျိုးဖြစ်နေပါ တယ်။ `တကယ်လို့ ထောက်ပံ့ကြေးမရှိတော့ဘူးဆိုရင် သုတေသနဆက်မလုပ်နိုင်တော့ဘူးလေ။ အဲဒါဆိုရင် ပြဿနာကိုလေ့လာပြီး လူတွေသိအောင် ပြောပြလို့မရတော့ဘူး။ ဒီတော့ ဒီဘက်မှာ ပြဿနာတက်နေတဲ့အချိန်မှာ လူတွေကလည်း ဘာမှမဖြစ်ဘူးဆိုပြီးတော့ နေမြဲတိုင်း အေးအေးလူလူနေနေကြတော့မှာပဲ။ ပြဿနာက ပိုဆိုးလာဖို့ ပဲရှိတော့တယ်။` ၂၀၀၈ နဲ့ ၂၀၁၁ ကြားကာလမှာ အသေဇုံကြီးထွားလာမှုနှုန်း ၁၇ ၃၄၈ စတုရန်းကီလိုမီတာအထိ ဖြစ်လာပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်နက်တီကက် ဒါမှမဟုတ် နယူးဂျာဆီပြည်နယ် အကျယ်အဝန်းလောက်အထိ ဖြစ်လာပါတယ်။ အဲဒီဇုံအတွင်းက ရေနေသတ္တတွေ သေကြေပျက်စီးမှုလည်း တိုးပွားလာပြီး အသေဇုံတွေက ပင်လယ်ညစ်ညမ်းမှုကို အားပေးနေတဲ့ အချက်နောက်တစ်ချက်အဖြစ်ရပ်တည်နေတယ်။ ၂၀၁၁ ခုနှစ် မေလ အတွင်းက ထုတ်ဝေတဲ့ Proceedings of The Royal Society ဂျာနယ်မှာ အသေဇုံအတွင်း တွေ့ရှိရတဲ့ အတ္တလန္တိတ် ငါးပုတ်သင် အမတွေရဲ့ ဥအိမ်တွေမှာ အထီးအသွင်ပြောင်းနေတဲ့ ပုံသဏ္ဍာန်တွေတွေ့ရပြီး ဖို၊မ ဟော်မုန်းဓါတ်တွေရောနေတဲ့ ဂလင်းတွေတွေ့ရှိရတဲ့ အကြောင်းရေးသားထားပါတယ်။ `အသေဇုံမှာရှိတဲ့ ငါးပုတ်သင် အထီးတွေရဲ့ ဖိုအင်္ဂါနဲ့ သုတ်လွှတ်အစိတ်အပိုင်းတွေလည်း ပျက်စီးနေတာ တွေ့ရပါတယ်။` ဟု အဆိုပါစာတမ်းတွင်ရေးသားထားပါတယ်။ အတ္တလန္တိတ်ငါးပုတ်သင်လေ့လာရေးအဖွဲ့က အသေဇုံတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်အတွင်း လူတွေရဲ့ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးရမှု အပြင်းထန်ဆုံးနေရာတွေဖြစ်တယ်လို့ မှတ်ချက်ပြုထား ပြီး အခုဆိုရင် ကမ္ဘာအနှံ့မှာ ၂၅၀ ၀၀၀ စတုန်းကီလိုမီတာလောက်ကို အသေဇုံတွေက နေရာယူထားပြီလို့ ဖေါ်ပြ ပါတယ်။ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ပတ်ဝန်းကျင်သုံးသပ်မှုနှစ်စဉ်စစ်တမ်း ၂၀၀၃ ခုနှစ်စာအုပ်မှာ တစ်ကမ္ဘာလုံး အသေဇုံပေါင်း ၁၄၆ ခုရှိတယ်လို့ မှတ်တမ်းပြုထားရာမှာ အခုဆိုရင် ၄၀၇ ခုရှိပြီး နှစ်ဆတက်သွားပါပြီ။ မက်ရိုတာတို့ အုပ်စုနဲ့ အခြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုတွေက အမေရိကန်သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးဌာန EPA ကို မတ်လအတွင်းက တရားစွဲဆိုခဲ့ပါတယ်။ `ဒါဟာ အမျိုးသားရေးကိစ္စဖြစ်ပြီးတော့ EPA လို ပြည်ထောင်စုအဆင့် ဌာနတွေမှာ တာဝန်ရှိပါတယ်။ သူတို့အဖွဲ့တွေနဲ့ ဗဟိုအစိုးရအဖွဲ့တွေက ဒီပြဿနာတွေပေါ်မှာ ကောင်းကောင်းဖြေရှင်းပေးခြင်း မရှိခဲ့ပါဘူး။` `အသေဇုံ လျှော့ချရေးလုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ လုပ်ထုံးလုပ်နည်းဥပဒေတွေလိုအပ်ပါ တယ်။` လို့ မက်ရိုတာက ပြောပါတယ်။ `EPA ရဲ့ ချီတုံချတုံလုပ်နေတာတွေကြောင့် မက္ကဆီကို ပင်လယ်ကွေ့ရဲ့ ဂေဟဗေဒစံနစ်နဲ့ စီးပွားရေးလုပ်ငန်း တွေ အများကြီး ထိခိုက်နစ်နာခဲ့ရပါပြီ။ EPA အနေနဲ့ အကောင်းဆုံးလုပ်ပေးနိုင်မှာက မစ္စစပီရေဝေဒေသတွင်းကနေ ညစ်ညမ်းပစ္စည်းတွေ စွန့်ပစ်မှုကို အတိုင်းအတာအကန့်အသတ်နဲ့ စွန့်ပစ်ဖို့သာ ခွင့်ပြုရမှာဖြစ်ပါတယ်။ ဒါမှသာ ငါးတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေ ပြန်ပြီး နာလံထူနိုင်မှာပါ။` သုတေသီဂိုးလ်စတိန်းကလည်း ပင်လယ်တွင်း ပလတ်စတစ်အမှိုက်များတိုးတက်များပြားလာခြင်းက တကမ္ဘာလုံးရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစံနစ်ကို အလွန်ထိခိုက်ပျက်စီးစေကြောင်း လူအများသိရှိနားလည် စေချင်တယ် လို့ ဆိုပါတယ်။ `အရင်က ဘာမှ မရှိတဲ့နေရာတွေကိုတောင် ပလတ်စတစ်တွေရောက်နေတယ်ဆိုတာ မှော်အတတ်နဲ့ လုပ်လိုက်တာမဟုတ်ပါဘူး။ မျှော်လင့်မထားတဲ့ အကျိုးဆက်တွေနဲ့ မကြုံတွေ့ရစေဖို့ ကျွန်မတို့မှာ ဖြေရှင်းစရာ နည်းလမ်းတွေလည်း ရှိပါတယ်။ အခုဆိုရင် ကျွန်မတို့ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ အသုံးပြုခဲ့တဲ့နေရာနဲ့ မိုင်ပေါင်းထောင်ချီဝေးကွာတဲ့ သမုဒ္ဒရာထဲမှာ ပလတ်စတစ်တွေ မျောလွင့်နေပါတယ်။ အခုအချိန်အထိ ပင်လယ်ထဲက ပလတ်စတစ်အမှိုက်တွေကို ရှင်းလင်းပစ်ဖို့ ကျွန်မတို့ ဘာမှမလုပ်ကြသေးပါဘူး။ အနာဂတ်မှာတော့ လုပ်ဆောင်လာနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။`လို့ ဂိုးလ်စတိန်းက ပြောပါတယ်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။