Wednesday, June 13, 2012

မက္ကဆီကိုတွင် အစုလိုက်အပြုံလိုက် ခုတ်ပိုင်းသတ်ဖြတ်ထားသော အလောင်းများတွေ့

မက္ကဆီကို အရှေ့ဘက် ဗာရာခရုဇ်ပြည်နယ်တွင် အနည်းဆုံးလူ ၁၄ ယောက်ခန့်ကို ခုတ်ထစ်ပိုင်းဖြတ် သတ်ထားသော အလောင်းများ စွန့်ပစ်ထားသော ကားတစ်စင်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များ က ပြောသည်။ ဗာရာခရုဇ်ပြည်နယ်သည် မူးယစ်ဂိုဏ်းများနှင့်ဆက်စပ်၍ အကြမ်းဖက်မှုများဖြစ်ပွားလေ့ ရှိသော ဒေသတစ်ခုဖြစ်သည်။ တနင်္လာနေ့က တစ်စုံတစ်ယောက်က တယ်လီဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ အလောင်းများတင်ထားသော ကားကို တာမူလီပတ်ပြည်နယ်နှင့် အနီး တပ်ဇ်ပန်မြို့လမ်းမပေါ်တွင် တွေ့ရှိ ခဲ့သည်။ မျက်မြင်သက်သေများ၏ ပြောပြချက်များအရ အသတ်ခံထားရသော လူများမှာ အသက် ၂၀ ဝန်းကျင် ခန့်ရှိ လူငယ်များဖြစ်ပြီး ခုတ်ထစ်ထားသော အပိုင်းများကို အိတ်များအတွင်း ထိုးသိပ်ထည့်ကာ စွန့်ပစ်သွားကြောင်း ဒေသတွင်းသတင်းများက ဖေါ်ပြကြသည်။ အသတ်ခံရသောသူများသည် နာမည်ကြီး ဇီတာမူးယစ်ဂိုဏ်းနှင့် ရန်ငြှိုးရန်စရှိထားသူများဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာတွင် ရေးသားထားသော စာအရသိရှိရသည်။ ၁၉၉၀ နှစ်များအတွင်းက အလုပ်မှနှုတ်ထွက်သွားကြပြီး အစိုးရ မူးယစ်နှိမ်နင်းရေး အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ပင်လယ်ကွေ့မူးယစ်ဂိုဏ်းအတွက် ကြေးစားလုပ်ကိုင်ပေးခဲ့ကြပြီးနောက်ပိုင်း ဇီတာဂိုဏ်းကို စတင်တည်ထောင်ခဲ့ကြသည်။ မြောက်ပိုင်းရှိ တာမူလီပတ်ပြည်နယ်သည် ဇီတာဂိုဏ်း အဓိကကြီးစိုးရာနယ်မြေဖြစ်ပြီး ဆီနာလိုအာဂိုဏ်း၊ ပင်လယ်ကွေ့ဂိုဏ်း တို့နှင့် ပြဿနာများမကြာခဏဖြစ်လေ့ရှိသည်။ ၂၀၁၁ ခုနှစ်မှ စ၍ ယင်းသို့အစုလိုက်အပြုံလိုက်သတ်ဖြတ် စွန့်ပစ်ထားခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တစ်ခါတစ်ရံ လူနေထူထပ်သည့်နေရာများတွင်ပင် ဖြစ်ပွားလေ့ရှိသည်။ ဇွန်လ ၇ ရက်နေ့က မက္ကဆီကိုမြောက်ပိုင်း စီအူဒက်မန်တီမြို့ မြို့တော်ခန်းမအနီးတွင်ရပ်ထားသောကား ပေါ်မှ ခုတ်ပိုင်းထားသော အလောင်း ၁၄ လောင်း၊ မေလ ၁၄ ရက်နေ့က တာမူလီပတ်ပြည်နယ်မြို့တော် နူဗိုလယ်ဒိုတွင် အလောင်း ၁၄ လောင်းနှင့် ယင်းနေ့တစ်နေ့တည်းမှာပင် ယင်းမြို့ရှိ ကုန်းကျော်တံတားပေါ်မှ ဆွဲကြိုးချသတ်ဖြတ်ထားသော အလောင်း ၉ လောင်းတွေ့ရှိခဲ့သည်။ နူဗိုလယ်ဒိုမြို့သည် နယ်စပ်မြို့သို့သွားရာ မှောင်ခိုလမ်းကြောင်းပေါ်တွင် တည်ရှိသည့် အဓိကမြို့ဖြစ်ပြီး မက္ကဆီကိုမှ မြောက်ပိုင်း အမေရိကန်သို့တင်သွင်းသမျှသော မူးယစ်ဆေးဝါး ၄၀ ရာခိုင်နှုန်းခန့်မှာ ယင်းမြို့ ကို ဖြတ်သန်းသန်းသွားသည်။ လွန်ခဲ့သော စက်တင်ဘာလအတွင်းက နိုင်ငံအဝှမ်း တရားရေးအဖွဲ့ဝင်များ စုံညီအစည်းအဝေးမကျင်းပရန် ရက်ပိုင်းမျှ အလိုတွင် ဗာရာခရုဇ်မြို့ဆိပ်ကမ်းရှိ ကားအသွားအလာထူထပ်သော လမ်းမကြီးပေါ်တွင် အလောင်း ၃၅ လောင်တင်ဆောင်ထားသော ကားတစ်စင်းကို နေ့ခင်းကြောင်တောင် လာရောက်စွန့်ပစ် သွားခဲ့လေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။