Friday, June 15, 2012

ဂျပန် ဥုံမ်ဂိုဏ်း နောက်ဆုံးတရားခံဖမ်းဆီးရမိ

၁၉၉၅ ခုနှစ်အတွင်းက တိုကျိုတွင် အဆိပ်ဓါတ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် ၁၃ ဦးသေဆုံးပြီး လူပေါင်း ထောင်ကျော်ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက်မှုအတွက် တာဝန်ရှိသူ လွတ်မြောက်နေသော တရားခံကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ဂျပန်ရဲများက ဆိုသည်။ တိုကျိုမြို့မြေအောက်ရထားဘူတာရုံတွင် အာရုံကြောများပျက်စီးသေဆုံးစေနိုင်သော အဆိပ်ငွေ့ထုတ်လွှင့် ပြီး အကြမ်းဖက်ခဲ့သော ဘာသာရေးအစွန်းရောက် တရားခံတစ်ခုတွင် နောက်ဆုံးကျန်ရှိနေသော ကက်ဆူယာတာကာဟာရှီကို ၁၇ နှစ်ကြာလိုက်လံစုံစမ်းခဲ့ရပြီး သောကြာနေ့က ဖမ်းဆီးရမိခဲ့သည်။ တိုကျိုတောင်ပိုင်း တွင် ကက်ဆူယာတာကာဟာရှီနှင့် တူသောလူတစ်ယောက်ကို စာအုပ်ဆိုင် တစ်ဆိုင်တွင်တွေ့ ရကြောင်း ရဲက သတင်းရရှိပြီး ရဲစုံထောက်များက သူ့ကို နီးစပ်ရာရဲ စခန်းသို့ခေါ် ဆောင်လာခဲ့ကြောင်း သိရသည်။ ထို့နောက် သူ့လက်ဗွေရာကို ရယူပြီး တိုက်ဆိုင်စစ်ဆေးကြည့်ရာ တူညီနေသဖြင့် ဖမ်းဆီးထား ခဲ့သည်။ တာကာဟာရှီ အသက် ၅၄ နှစ်ကို လူသတ်မှုအပါအဝင် အခြားအမှုများဖြင့် တရားစွဲဆိုထားသည်။ သူ့ကို ဘာသာရေးအစွန်းရောက်ဂိုဏ်း၏ အထက်ပုဂ္ဂိုလ်များက ခိုင်းစေသဖြင့် လုပ်ဆောင်ခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။ လွန်ခဲ့သောနှစ်ပတ်က တာကာဟာရှီနှင့် တစ်ဖွဲ့တည်းဖြစ်၍ ဥုံမ်သစ္စာတရားဂိုဏ်း ဟု အမည်ရသော ဘာသာရေးဂိုဏ်းမှ နာအိုကိုကီကူချီကို ဖမ်းဆီးရမိခဲ့သည်။ သူတို့နှစ်ဦးသည် ၁၉၉၆ ခုနှစ် အခင်းဖြစ်ပွား ပြီးကတည်းက ထွက်ပြေးလွတ်မြောက်နေခဲ့သူများဖြစ်သည်။ သူတို့အဖွဲ့၏ ခေါင်းဆောင်ဆရာကြီးက ကမ္ဘာပျက်မည့်အကြောင်း နိမိတ်ကြိုတင်မြင်မက်သည်ဟု ဆိုကာ လူအများကို အဆိပ်ငွေ့လွှတ်သတ်ဖြတ် စေခဲ့ခြင်းဖြစ်သည်။ တာကာဟာရှီသည် ဥုံမ် ဂိုဏ်းဆရာကြီး ရှိုကိုအဆာဟာရ၏ သက်တော်စောင့်လုပ်ခဲ့ဖူးပြီး ဓါတ်ငွေ့လွှတ် သတ်ဖြတ်မည့် အစီအစဉ်ကို ဖေါ်ဆောင်ရာတွင် ကားမောင်းသည့်တာဝန်ကို ယူခဲ့သူဖြစ်သည်။ သူသည် နောက်ထပ်တရားခံပြေးတစ်ဦးဖြစ်သူ မာကိုတိုဟီရာတာနှင့် အတူ ပြန်ပေးဆွဲမှုတစ်ခုကို ကျူးလွန်ခဲ့ပြီး ၁၉၉၅ ခုနှစ်အတွင်း ထိုစဉ်က တိုကျိုမြို့တော်ဝန် ယူကီအိုအာမိုရှီးမားထံသို့ ဗုံးပို့ဆောင်လုပ်ကြံခဲ့သည်။ လွန်ခဲ့သောနှစ် နှစ်သစ်ကူးညသန်းခေါင်ယံ နှစ်ကူးမတိုင်မီ မိနစ်ပိုင်းအလိုမျှတွင် တရားခံပြေး ဟီရာတာ သည် ရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သည်။ ဥုံမ်ဂိုဏ်းသည် ၁၉၉၄ ခုနှစ်အတွင်းက မတ်ဆုမိုတိုမြို့တိုက်ခိုက်မှုကိုလည်း ကျူးလွန်ခဲ့ပြီး ထိုစဉ်က ၈ ယောက်သေဆုံးခဲ့သည်။ ဂျပန်တွင် ရထားဘူတာတိုင်း၌ ၎င်းတို့၏ဓါတ်ပုံများကို ချိတ်ဆွဲပြီး ဝရမ်းထုတ်ထား သော်လည်း နာအိုကိုကီကူချီ၊ တာကာဟာရှီနှင့် ဟီရာတာတို့သုံးဦးမှာ လွတ်မြောက်နေခဲ့ လေသည်။ ဆာရင်းဓါတ်ငွေ့ထုတ်လုပ်ရာတွင်ပါဝင်ခဲ့သော နာအိုကိုကီကူချီကို ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။ ဥုံဂိုဏ်းတည်ထောင်သူ ဆရာကြီး အဆာဟာရသည် မျက်စိနှစ်ဘက်ကွယ်နေသူဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာအယူအဆများရောမွှေထားသော သဘောတရားများကို တီထွင်ဟောပြောပြီး ကမ္ဘာပျက်မည့် တရားများ ပို့ချခဲ့သည်။ ထို့နောက် သူ့ရန်သူများက သူ့ကို ဆာရင်းဓါတ်ငွေ့ဖြင့်တိုက်ခိုက်မည်ဟု အစွဲအလန်းဖြစ်ကာ ယင်းဓါတ်ငွေ့ကို ကိုယ်တိုင်ထုတ်လုပ်ခဲ့သည်။ ထို့နောက် မြေအောက်ဘူတာရုံတိုက်ခိုက်မှုအပြီး နှစ်လခန့်အကြာတွင် ဖူဂျီတောင်အနီး၌ဖမ်းဆီးရမိကာ ကြိုးမိန့်ပေးခြင်းခံခဲ့ရသည်။ သူနှင့် အဖွဲ့ဝင် ၁၂ ဦးပါသော အဖွဲ့ကို ကြိုးမိန့်ပေးပြီး လက်ရှိအချိန်အထိ ချုပ်နှောင်ထားဆဲဖြစ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။