Tuesday, June 19, 2012

အီဂျစ်ကို အမေရိကန် သတိပေး

အီဂျစ်ရွေးကောက်ပွဲ အနိုင်ရအရပ်သားအစိုးရသို့ စစ်တပ်မှ အာဏာအမြန်ဆုံးလွှဲပြောင်းပေးရန်၊ သို့မဟုတ်ပါက အရပ်ဘက်စစ်ဘက်များသို့ နှစ်စဉ် ဒေါ်လာ ဘီလီယံနှင့်ချီ၍ အကူအညီပေးနေခြင်းများအပေါ် ပြန်လည်သုံးသပ်ရ မည်ဖြစ်ကြောင်း အမေရိကန်က အီဂျစ်လက်ရှိ အာဏာပိုင် စစ်အစိုးရကို သတိပေးပြောကြားလိုက်သည်။ အီဂျစ်တွင် အရပ်ဘက်ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာရေးအတွက် ရွေးကောက်ပွဲကျင်းပပြီးစီးခဲ့ပြီဖြစ် သော်လည်း အီဂျစ်စစ်တပ်မှ အာဏာကိုဆက်လက်ထိန်းသိမ်းထားလိုသည့် အခြေအနေများမြင်တွေ့နေရခြင်းကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပင်တာဂွန်တို့က တနင်္လာနေ့က သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်အတွင်းက အရပ်ဘက်လူထုအုံကြွမှုဖြင့် အာဏာရှင်မူဘာရက်ကို ဖယ်ရှားခဲ့သည့်အပေါ် အမေရိကန် အစိုးရက ထောက်ခံအားပေးခဲ့ပြီး အီဂျစ်စစ်တပ်ကိုလည်း ဒေသတွင်းအရေးကြီးသည့် လုံခြုံရေးမဟာမိတ်အဖြစ်ရှုမြင် ထားသည့်အမေရိကန်အတွက် အီဂျစ်စစ်တပ်မှ အာဏာဆက်လက်ချုပ်ကိုင်ထားလိုသည့် အခြေအနေတွင် ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်ရလျှက်ရှိသည်။ တစ်ချိန်တည်းမှာပင် ရွေးကောက်ပွဲတွင် မွတ်စလင်ညီအစ်ကိုတော်များပါတီက ဦးဆောင်လျှက်ရှိသည့် အခြေအနေ များအပေါ် အီဂျစ်စစ်တပ်၏ စိုးရိမ်ပူပန်မှုများရှိနေကြောင်း အချို့အမေရိကန် အစိုးရပိုင်းပုဂ္ဂိုလ်များက နားလည်ထား သည်။ ရွေးကောက်ပွဲရလဒ်များတရားဝင်ကြေငြာမည့်အချိန်ကို တစ်နိုင်ငံလုံးက စောင့်မျှော်လျှက်ရှိပြီး မွတ်စလင်ညီအစ်ကို တော်များ ပါတီက စစ်တပ်အာဏာသိမ်းထားသည်ဟူသော အကြောင်းပြချက်ဖြင့် ဆန္ဒပြပွဲများပြုလုပ်ရန် လူထုကို စည်းရုံးလှုပ်ဆော်လျှက်ရှိသည်။ အီဂျစ်လက်ရှိအာဏာပိုင် တပ်မတော်ထိပ်သီးကောင်စီ SCAF က စစ်ဘက်နှင့် ဘဏ္ဍာရေးကဏ္ဍများအပါအဝင် အချို့သောဌာနများတွင် အာဏာခွဲဝေရယူရန် ကြေငြာထားသည်။ ထို့နောက် တနင်္လာနေ့က ယခုလကုန်ပိုင်းတွင် အရပ်ဘက်အစိုးရသို့ အာဏာလွှဲပြောင်းပေးမည်ဟု ထပ်မံကြေငြာလိုက်သည်။ တပ်မတော်ကောင်စီတွင် ပါဝင်သော ဗိုလ်ချုပ် မိုဟာမက် အယ်-အာဆက်က ကိုင်ရိုတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အာဏာလွှဲပြောင်းရေးပွဲ ကြီးကျယ်ခန်းနားစွာကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ `ဇွန်လ အကုန်မှာ ကျွန်တော်တို့အာဏာလွှဲပြောင်းပေးပါ့မယ်။ အဲဒီအတွက် ကျွန်တော်တို့ လေးပင်နေမှာ မဟုတ်ပါဘူး။` ဟု ဆို၏။ တနင်္ဂနွေနေ့ညက ဥပဒေတစ်ရပ်ပြဋ္ဌာန်းကြေငြာခဲ့ပြီး ယင်းဥပဒေအရ ပါလီမန်အသစ်တစ်ရပ် ပေါ်ပေါက်မလာမချင်း ဘဏ္ဍာရေးနှင့် ဥပဒေပြုရေးကဏ္ဍများတွင် တပ်မတော်ကောင်စီမှဆက်လက်တာဝန်ယူထားမည်ဖြစ်ကြောင်း ကြေငြာ ခဲ့သည်။ ဥပဒေအရ သမ္မတအသစ်သည် နိုင်ငံတော်စစ်ဦးစီးချုပ်အဖြစ် အာဏာရှိမည်မဟုတ်ဘဲ စစ်ကောင်စီ၏ သဘောတူညီ ချက်ရမှသာ စစ်ကြေငြာခွင့်ရှိသည်။ ယခုရွေးကောက်ပွဲအရ ဖြစ်လာမည့် သမ္မတအသစ်သည် ကာလတိုမျှသာအာဏာရရှိမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေ အသစ်ရေးဆွဲပြီးသည်နှင့် ယင်းနှင့်အညီ နောက်ထပ်သမ္မတသစ်တစ်ဦးကို အစားထိုးတင်မြှောက်သွားမည်ဖြစ် ကြောင်း တပ်မတော်ကောင်စီ အကြံပေးအဖွဲ့အကြီးအကဲ ဆာမဲအက်ရှ်ဝါက ပြောကြားလိုက်သည်။ ရွေးကောက်ပွဲမဲရုံများပိတ်သိမ်းသွားသည်မှာ ၂၄ နာရီခန့်ကြာခဲ့ပြီဖြစ်သော်လည်း မည်သူမည်ဝါအနိုင်ရရှိကြောင်း သေချာစွာမသိရသေးပေ။ သို့သော် မွတ်စလင်ညီအစ်ကိုတော်များပါတီမှ မိုဟာမက်မော်စီနှင့် ဝန်ကြီးချုပ်ဟောင်း အာမက်ရှာဖစ်တို့နှစ်ဦးစလုံး က သူတို့အနိုင်ရကြောင်း အသီးသီးပြောကြားလျှက်ရှိသော်လည်း ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ကြေငြာချက် ထွက်ပေါ်လာခြင်းမရှိသေးပေ။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။