Sunday, June 24, 2012

အက်ဆန်း နှင့် အီကွေဒေါ (သာသာပြန်ဆောင်းပါး)

ဝီကီလိခ်တည်ထောင်သူ သြစတြေးလျနိုင်ငံသား ဂျူလီယန်အက်ဆန်း အင်္ဂလန်ရှိ အီကွေဒေါနိုင်ငံသံရုံးသို့ သွားရောက်ကာ ခိုလှုံခွင့်တောင်းခံခဲ့သည့်သတင်းသည် သတင်းမီဒီယာလောကတွင် လတ်တလောအကြီးမားဆုံး ခေါင်းကြီးသတင်းဖြစ်နေလေသည်။ အီကွေဒေါသံရုံးမှ အက်ဆန်းကိစ္စနှင့်ပတ်သက်၍ အောက်ပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့လေသည်။ `ယနေ့နေ့လည်ပိုင်းက မစ္စတာဂျူလီယန်အက်ဆန်းသည် အီကွေဒေါသံရုံးသို့ရောက်ရှိလာကာ အီကွေဒေါ အစိုးရထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့လေသည်။ သူ၏လျှောက်လွှာကို ကျွန်ုပ်တို့ သံရုံးမှ တစ်ဆင့် အီကွေဒေါနိုင်ငံ ကျူအီတိုမြို့ရှိ သက်ဆိုင်ရာဌာနသို့ ချက်ခြင်းပို့ဆောင်ပေးလိုက်သည်။ မစ္စတာအက်ဆန်း၏ လျှောက်ထားမှုကို အီကွေဒေါအစိုးရက လက်ခံစဉ်းစားနေစဉ်တွင် မစ္စတာအက်ဆန်းသည် အီကွေဒေါသံရုံးအတွင်း အီကွေဒေါအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေပါသည်။` ယခုသတင်းသည် ၂၀၁၀ ခုနှစ်အတွင်း အက်ဆန်းဖေါက်ချခဲ့သည့် ဝီကီလိခ်သတင်းများကို ပြန်ပြောင်းအမှတ်ရစေ ခဲ့သည်။ ၂၀၁၀ ဧပြီလအတွင်းက ဝီကီလိခ်သည် အီရတ်တွင် အမေရိကန်စစ်သားများက အရပ်သား ၁၈ ယောက်ကို ပစ်သတ်ခဲ့ပုံကို လေယာဉ်မောင်းခန်းအတွင်းမှ ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်ကို ဖေါ်ပြခဲ့သည်။ ထို့နောက်လအနည်း ငယ်အကြာတွင် အီရတ်၊ အာဖဂန်စစ်ပွဲများနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ အတွင်းရေးလျှို့ဝှက်စာရွက် စာတမ်းများကို ဖေါက်ချဖေါ်ပြခဲ့ပြန်သည်။ ဆက်လက်၍ အမေရိကန်အစိုးရ၏ ကမ္ဘာတစ်ဝှမ်းနိုင်ငံများနှင့် သံတမန် ဆက်သွယ်ရေး ကိစ္စရပ်များ၊ အမေရိကန်အစိုးရ၏ ယင်းနိုင်ငံများအပေါ် သဘောထားဆက်ဆံမှုများအကြောင်း ပါဝင်သော အတွင်းကျကျစာရွက်စာတမ်းများ အဖြတ်အတောက်မဲ့ ဖေါ်ထုတ်ခဲ့ပြန်သည်။ ယင်းနှစ်ထဲမှာပင် မစ္စတာအက်ဆန်းကို ဆွီဒင်အစိုးရက အလိုရှိနေခဲ့ပြီး နောက်ပိုင်း ဗြိတိန်ကလည်း အလိုတူအလိုပါ ဖြစ်လာခဲ့သည်။ ဖြစ်ရပ်မှာ ၂၀၁၀ သြဂုတ်လအတွင်းက မစ္စတာအက်ဆန်း ဆွီဒင်သို့သွားရောက်ကာ သင်တန်းတစ်ခုပို့ချစဉ်အခါက အမျိုးသမီးတစ်ဦးကို မုဒိန်းပြုကျင့်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူကျင့်ကြံခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဆွီဒင်က အလိုရှိနေခြင်းဖြစ်သည်။ ထို့နောက် ဥရောပမှ ဖမ်းဝရမ်းထုတ်လိုက်သောအခါ ၂၀၁၀ ဒီဇင်ဘာလတွင် လန်ဒန်မြို့၌ အက်ဆန်းကို ဖမ်းဆီးခဲ့သည်။ သူ့ကိုထောင်တွင်း ၈ ရက်ကြာချုပ်နှောင်ထားပြီးနောက် ဒေါ်လာ ၃၁၅ ၀၀၀ တန်အာမခံဖြင့် ပြန်လည်အပြင်ထွက်ခွင့်ရခဲ့သည်။ ထို့အချိန်မှစ၍ ဗြိတိန်ရှိ နေအိမ်နှစ်လုံးတွင် နေအိမ် အကျယ်ချုပ်ဖြင့် သူ့ကို ထားရှိခဲ့သည်။ သူ့ကိုတရားရုံးမှ စစ်ဆေးနေစဉ်နေကာလအတွင်း အက်ဆန်းက လိင်ပိုင်းဆိုင်ရာအမှုမှာ အကွက်ဆင်ခြင်းသာဖြစ်ပြီး အမှန်တကယ်အားဖြင့် နိုင်ငံရေးအရ သူ့ကို ဖမ်းဆီးခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ဆွီဒင်အစိုးရက သူ့ကို အမေရိကန်သို့လွှဲပြောင်းပေးလိုက်မည်ဖြစ်ပြီး အမေရိကန်အစိုးရက သူ့အတွက် ဂွါတာနာမိုတွင် အချုပ်ခန်း တစ်ခန်း နာမည်တပ်ထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဗြိတိသျှတရားရုံးက သူ့ကိုဆွီဒင်အစိုးရသို့ လွှပြောင်းပေးအပ်ရန် ဆုံးဖြတ်လိုက် သည်။ ထိုအချိန်မှ စ၍ အက်ဆန်းသည် ဗြိတိသျှတရားရုံးသို့ နည်းမျိုးစုံဖြင့် အယူခံဝင်ပြီး ဆက်လက်တိုက်ပွဲဝင် နေခဲ့ရသည်။ နိုဝင်ဘာလတွင် ဗြိတိသျှ တရားရုံးချုပ်က အက်ဆန်းအား ဆွီဒင်သို့လွှပြောင်းပေးရေးဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း၊ တရားသဖြင့်သာဖြစ်ကြောင်း ထောက်ခံလိုက်လေတော့သည်။ အက်ဆန်းအတွက် ဗြိတိန်တွင် တရားရေးအရ အခွင့်အလမ်းများကုန်ဆုံးသွားပြီဖြစ် သော်လည်းနာက်ဆုံးကြိုးတစ်စ ကျန်ရှိနေသေးသည်။ ဇွန်လ ၂၈ ရက်နေ့တွင် ဥရောပသမဂ္ဂလူ့အခွင့်အရေးတရားရုံးသို့ အယူခံဝင်နိုင်သည့် အခွင့်အရေး အက်ဆန်းတွင်ရှိသည်။ သို့သော် ယင်းအခွင့်အရေးကို အက်ဆန်း လက်မလှမ်းတော့ဘဲ အီကွေဒေါသံရုံးသို့သွားရောက်ကာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံလိုက်တော့သည်။ အီကွေဒေါကို အက်ဆန်းရွေးချယ်ရသည့် အကြောင်းရင်းမှာ အမေရိကန်ဆန့်ကျင်ရေးစိတ်ဓါတ်ပြင်းထန်သော ကြောင့်ဖြစ်၏။ လွန်ခဲ့သောနှစ် ဧပြီလအတွင်းက အီကွေဒေါက အမေရိကန်သံအမတ် ဟီသာဟော့ဂ်ျ၏ သံတမန် ဆက်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် အီကွေဒေါရဲတပ်ဖွဲ့များ၏ အကျင့်ပျက်ချစားမှုများကို ပေါ်ပေါက်စေခဲ့ကြောင်း စွပ်စွဲချက်ဖြင့် သူမကို နှင်ထုတ်ရန် ကြေငြာခဲ့သည်။ သံတမန်ဆက်သွယ်ရေးလမ်းကြောင်းအတွင်း ရေးသားသူများက လုံခြုံစိတ်ချရသည်ဟူသော အထင်ဖြင့် ပွင့်ပွင့်လင်းလင်းရေးသားထားမှုများကို ဝီကီလိခ်မှ ဖွင့်ချ လိုက်သောအခါ အားလုံးမြင်သာထင်ဖြစ်သွားပြီး သိရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်အတွင်းက အမေရိကန်က အက်ဆန်းကို နိုင်ငံတော်ရန်သူအဖြစ် သတ်မှတ်ထားချိန်တွင် အီကွေဒေါ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အက်ဆန်းကို အကာအကွယ်ပေးသင့်ကြောင်း ပထမဆုံးပြောကြားခဲ့သည့် ပုဂ္ဂိုလ်ဖြစ် သည်။ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းလောက်က အက်ဆန်းကို နေအိမ်အကျယ်ချုပ်ထားသော နေအိမ်သို့ ဝီကီလိခ်အရေးနှင့် ပတ်သက်၍ပြုလုပ်သောပွဲတစ်ခုသို့ ကျွန်တော် ရောက်ခဲ့ဖူးသည်။ အခြားသူအများအပြား စကားပြောခဲ့ကြသော် လည်း ထိုအထဲမှ တစ်ဦးပြောသောစကားကို ကျွန်တော်ကောင်းကောင်းမှတ်မိနေသည်။ ထိုသူက အီကွေဒေါလူမျိုးတစ်ဦးဖြစ်သည်။ လန်ဒန် အီကွေဒေါသံရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည်။ ထိုသူပြောသွား သောစကားမှာ `အမေရိကန် ဝါရှင်တန်အစိုးရက ကျွန်တော်တို့ အီကွေဒေါသမ္မတကို လက်မခံဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ အလားတူ ဟူဂိုချေဗက်ဇ်အပါအဝင် အခြားလက်တင်အမေရိကရဲ့ လက်ဝဲခေါင်းဆောင်တွေအားလုံးကိုလည်း သူတို့လက်မခံပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံကိစ္စတွေကိုတော့ အမေရိကန်က ဘယ်လောက်အထိ အကျယ်အကျယ်ဝင်ရောက်စွက်ဖက်နေသလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဝီကီလိခ်နဲ့ သူ့ရဲ့ ဖေါက်ထုတ်လိုက်တဲ့ သံတမန်ဆက်သွယ်ရေးကွန်ယက်ထဲက စာရွက်စာတမ်းတွေကို ဖတ်ရမှ အားလုံးသိရတော့တယ်။ အရင်က မှုန်ဝါးဝါး၊ ထင်သာမြင်သာမရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်ဆက်ဆံရေးကိစ္စတွေ အားလုံးကို ကြည်ကြည်လင်လင်ထင်ထင်ရှားရှားမြင်လိုက်ရတော့တယ်။ ကျွန်တော်တို့နိုင်ငံက အက်ဆန်းကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ဒါကြောင့် ဒီကနေ့ကျွန်တော်ဒီနေရာကို ရောက်လာခြင်းဖြစ်ပါတယ်။ အက်ဆန်းနဲ့ သူ့ရဲ့ ဝီကီလိခ်အဖွဲ့အစည်းကို ထောက်ခံပါတယ်။` လွန်ခဲ့သောလက ရုရှနိုင်ငံပိုင်ရုပ်မြင်သံကြား RTV မှ ထုတ်လွှင့်သော စကားပြောခန်းအစီအစဉ်တွင် အက်ဆန်းက အီကွေဒေါသမ္မတ ရာဖေးလ်ကော်ရီယာကို အင်တာဗျူးပြုလုပ်ခဲ့သည်။ ကော်ရီယာသည်လည်း ချေဗက်ဇ်ကဲ့သို့ပင် လက်ယာသမားများပိုင်ဆိုင်သောမီဒီယာများ၏ ဝိုင်းဝန်းနှိပ်ကွပ်မှုကို ခံနေရသော သမ္မတတစ်ဦးဖြစ်သည်။ သို့သော် အက်ဆန်းနှင့် ကော်ရီယာတို့၏၂၅ မိနစ်ကြာ အွန်လိုင်း စကားပြောခန်းမှာ အဆင်ပြေချောမွေ့ခဲ့လေသည်။ ကော်ရီယာကို အက်ဆန်းက `အီကွေဒေါနိုင်ငံ စာမျက်နှာသစ်ကို လွှင့်ခဲ့သည့် လက်ဝဲသမား` ဟု ခေါ်ဆိုခဲ့သည်။ စကားပြောခန်းအဆုံးတွင် ကော်ရီယာက အက်ဆန်းကို ``ဝမ်းသာစရာကြီးဟေ့ ။ မောင်ရင့်ကို နှိပ်ကွပ်မယ့် အဖွဲ့က ကြိုဆိုပါတယ်ကွာ။`` ဟု ရင်းရင်းနှီးနှီးနောက်ပြောင် ပြောသွားခဲ့သေးသည်။ ယင်းသို့ခင်မင်ရင်းနှီးစွာပြောဆိုသွားသော်လည်း ယခုကဲ့သို့ ခိုလှုံခွင့်လျှောက်ထားသည့်ကိစ္စကို အစိုးရတစ်ရပ် အနေနှင့် စဉ်းစားရမည့်အချိန်တွင် မည်သို့စဉ်းစားမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဂျူလီယန်အက်ဆန်းဆိုသည်မှာ အီကွေဒေါအစိုးရအနေနှင့် အစိမ်းသက်သက်မဟုတ်။ သာမန်နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူလည်းမဟုတ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကျဲတောက်အေးဆက် သော အနေအထားအောက်တွင် နှစ်ပေါင်းများစွာကြာအောင်နေထိုင်လာခဲ့ရသည့်နိုင်ငံများအပေါ် ဝီကီလိခ်သက် ရောက်မှု မည်မျှဖြစ်ခဲ့သည်ကိုလည်း အသိပင်။ အက်ဆန်းသည် ဥရောပတွင် သင်းကွဲနေသူ ဖြစ်၏။ သူ၏ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားမှုသည် မည်မျှအထိတာသွားနိုင်သည်ကို လည်းအက်ဆန်းတစ်ယောက် သိရှိမှာထားမည်ဖြစ်သည်။ ၂၀၁၀ နိုဝင်ဘာလအတွင်းက အယ်ဂျာဇီယာသတင်းဌာန Listing Post ကဏ္ဍအတွက် သူ့ကို ကျွန်တော်အင်တာဗျူး စဉ်က ဥပဒေလမ်းကြောင်းများအရ သူ့အတွက် ထွက်ပေါက်မရှိကြောင်း ပြောဆိုခဲ့သေးသည်။ ငါးနှစ်မျှ မည်သည့် နေရာတွင် သွားနေရမည်ဟု ထင်သနည်းဟု ကျွန်တော်က မေးမြန်းသောအခါ `အခြေအနေတွေက အခုလိုအတိုင်းဖြစ်နေတာ ကျွန်တော်ဘာလုပ်လို့ရမှာလဲ။ ကျူးဘားမှာသွားပြီး ဒုက္ခသည်အဖြစ်ခိုလှုံရင်ကောင်းမလားလို့တောင် ဟိုတစ်နေ့ညက ကျွန်တော်နောက်နေသေးတယ်။` ဟု ဖြေ၏။ သို့သော် ကျွန်တော်တွေးမိသည်က ကျူးဘားသည် အမေရိကန်နှင့် အိမ်နီးချင်းပင်ဖြစ်လေသည်။ အက်ဆန်းအတွက် နေရာမှန်တော့ မဟုတ်သေး။ အနည်းဆုံး လေယာဉ်ပေါ်မှ နေ၍ ဂွါတာနာမိုကို လှမ်းမြင်နိုင်သေးသည်။ အမေရိကန်လေကြောင်းပိုင်နက်ကို ဖြတ်သန်းရဦးမည်ဖြစ်၍ အက်ဆန်းအတွက်တော့ သိပ်နေရာမကျလှသေးပေ။ Source: Al Jazeera Assange's appeal to Ecuador is no surprise by Richard Gizbert

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။