Saturday, June 23, 2012

တူရကီတိုက်လေယာဉ်ကို ဆီးရီးယားစစ်တပ်မှ ပစ်ချ

တူရကီဝန်ကြီးချုပ် အာဒိုဂန်
ဆီးရီးယားရေပိုင်နက်အတွင်း ဝင်ရောက်လာသော တူရကီတိုက်လေယာဉ်တစ်စင်းကို မိမိတို့ပစ်ချလိုက်ကြောင်း ဆီးရီးယားစစ်တပ်မှ ပြောဆိုလိုက်သည်။ ဆီးရီးယားနိုင်ငံတွင်း သမ္မတအာဆက်ကို ဖြုတ်ချရေး လူထုအုံကြွမှု ၁၆ လတာကြာမြင့်ခဲ့ပြီး အရှေ့အလယ်ဒေသတွင် နိုင်ငံတကာအာရုံစိုက်ခံနေရသောဆီးရီးယားအတွက် နောက်ထပ် ပြဿနာတစ်ခုဖြစ်လာခဲ့သည်။ `သောကြာနေ့ နေ့လည်မတိုင်ခင်အချိန်လောက်မှာ ကျွန်တော်တို့ရဲ့ ရေပိုင်နက်တွင်းကို ဝင်ရောက်လာတဲ့ လေယာဉ်တစ်စင်းကို လေကြောင်းကာကွယ်ရေးက ပစ်ချလိုက်ပါတယ်။ အဲဒီလေယာဉ်ဟာ တူရကီစစ်ဘက် လေယာဉ်တစ်စင်းဖြစ်နေတာကို တွေ့ရပါတယ်။` ဟု စစ်ဘက်မှ ထုတ်ပြန်သော ကြေငြာချက်ကို နိုင်ငံသတင်းဌာနက ကြေငြာခဲ့သည်။ အဆိုပါဖြစ်ရပ်အတွင်း တူရကီလေယာဉ်မှူးနှစ်ဦးပျောက်ဆုံးနေကြောင်း တူရကီဝန်ကြီးချုပ် ရီဆက်တေယစ်အာဒိုဂန် ၏ ဝန်ကြီးချုပ်ရုံးမှ အတည်ပြုပြောကြားလိုက်သည်။ `ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေထံကနေရရှိတဲ့ သတင်းများအရ ကျွန်တော်တို့လေယာဉ်ကို ဆီးရီးယား က ပစ်ချလိုက်တယ်လို့ သိရပါတယ်။` ဟု ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုအချက်အလက်များ အသေးစိတ်ပြည့်စုံသွားသည်နှင့် တုံ့ပြန်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီက ဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှစ်နာရီကြာတွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ `တူရကီက ဘယ်လိုတုံ့ပြန်မှုပြုလုပ်သွားမလဲ၊ ဒါမှမဟုတ်နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ထိပါးလာတဲ့ အတွက် နေတိုးအဖွဲ့က ကူညီထောက်ပံ့ပေးသွားမှာလားဆိုတဲ့ အချက်တွေကတော့ မသိရသေးပါဘူး။` ဟု အယ်ဂျာဇီယာ သတင်းထောက် အန်နီတာမက်နော့က အီစတန်ဘူမြို့မှ နေ၍ သတင်းပေးပို့ခဲ့သည်။ `အဲဒါအပြင် တူရကီဗုံးကြဲလေယာဉ်တစ်စင်းက ဆီးရီးယားပိုင်နက်ထဲကို သွားပြီး ဘာလုပ်တာလဲ ဆိုတာလည်း မသိရသေးပါဘူး။` `လေယာဉ်ဘယ်လို ပျက်ကျသွားခဲ့ရတာလဲ၊ တူရကီရဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာက ဘယ်လို တုံ့ပြန် ကူညီသွားကြမှာလဲ ဆိုတာ မသိရသေးပါဘူး။` ဟု သတင်းထောက်က ပြောကြားသွားခဲ့သည်။ ပျက်ကျသွားသော F-4 လေယာဉ်၏ လေယာဉ်မှူးနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ သည်ဟု တူရကီသတင်းဌာန အန်နာတိုလီယာက ကြေငြာသွားခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။