Saturday, June 30, 2012

ဆူဒန်တွင် ဆန္ဒပြပွဲဖြစ်ပွား

ဆူဒန်နိုင်ငံ မြို့တော်ခါတိုအမ်တွင် အတိုက်အခံပါတီတစ်ခုက ဦးဆောင်၍ ဗလီတစ်ခုရှေ့တွင် စုရုံးဆန္ဒပြနေသော လူစုအား ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲရန်ကြိုးပမ်းခဲ့သည်။ သောကြာနေ့က ဆန္ဒပြသူများသည် ဆူဒန်အလံများ၊ `အစိုးရပြုတ်ကျရေး - တို့အရေး` ဟူသော စာတမ်းများကိုင်ဆွဲ ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ အတိုက်အခံ အမ္မာပါတီ၏ ဗလီဘေးရှိ ဟစ်ဂျရာရင်ပြင်တွင် ဆန္ဒပြသူများစုရုံးခဲ့ကြသည်။ ရဲများက မျက်ရည်ယိုဗုံး များဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သဖြင့် ဆန္ဒပြသူများကလည်း ကားတာယာများကို မီးရှို့ခြင်း၊ ရဲများကို ခဲလုံးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြောင်း AFP သတင်းဌာနက ဖေါ်ပြခဲ့သည်။ `သောကြာနေ့ ဝတ်ပြုပွဲပြီးနောက်ပိုင်း လူတွေကလမ်းမတွေပေါ်ထွက် ဆန္ဒပြဖို့ကြိုးစားကြတာကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းပါတယ်။ ဆန္ဒပြသူတွေကလည်း ရဲတွေကို အန်တုပြီး လမ်းတွေကိုပိတ်၊ တာယာတွေ ကိုမီးရှို့ လုပ်ကြပါတယ်။` ဟု အယ်ဂျာဇီယာသတင်းထောက် ဇီနာခိုဒါက ခါတိုအမ်မှ သတင်းပေးပို့ခဲ့သည်။ `အစိုးရပြုတ်ကျရေး - တို့အရေး အစရှိတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ပြီး တော်လှန်ရေးစတင်ပြီလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။` ဟု သတင်းထောက်က ပြောသည်။ တက်ကြွလှုပ်ရှားသူ ဝါဖာအယ်အေမင်က အယ်ဂျာဇီယာသို့ ဆန္ဒပြပွဲဖြစ်ပွားရာနေရာမှနေ၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် မြို့တော်တွင်း အမ်ဒါမန်ရပ်ကွက်တွင် ဆန္ဒပြသူ အယောက် ၂ ၀၀၀ ခန့် စုရုံးဆန္ဒပြ နေကြကြောင်း၊ ရဲသား ၅၀၀ ခန့် ဝန်းရံထားကြောင်း၊ ဆန္ဒပြသူများက သူတို့ရှိနေသောနေရာကို ရဲများဝင်ရောက်မ လာနိုင်အောင် လမ်းများပိတ်ဆို့ထားကြောင်း၊ သို့သော် မျက်ရည်ယိုဗုံးများဖြင့် လှမ်းပစ်နေကြောင်း ပြောသည်။ သမ္မတ အိုမာအယ်ဘက်ရှာ အာဏာသိမ်းမှု ၂၃ နှစ်မြောက်အထိမ်းအမှတ်အဖြစ် သောကြာနှင့် စနေနေ့များတွင် ဆန္ဒပြပွဲကြီးများပြုလုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ သောကြာနေ့ဆန္ဒပြပွဲကို အချို့က `တံတောင်ဆစ်ကို လျှာဖြင့်လျက်ခြင်း` ဟု အမည်ပေးထားသည်။ ဆိုလိုရင်းမှာ ဆူဒန်စကားပုံအရ မဖြစ်နိုင်သော ကိစ္စကို စိန်ခေါ်ကြိုးစားလုပ်ကိုင်ခြင်းဟု ရည်ရွယ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။