Sunday, June 17, 2012
ဆီးရီးယားတွင် အကြမ်းဖက်မှုများကြောင့် ကုလလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထား
7:44 PM
HRDP NEWS WORLD
No comments
ဆီးရီးယားတွင် အကြမ်းဖက်မှုများလျော့ကျမသွားဘဲ ပိုမိုမြင့်တက်လာခြင်းကြောင့် ကုလစောင့်ကြည့်အဖွဲ့ ဝင်များ၏ လုံခြုံရေးစိုးရိမ်ရသဖြင့် ကုလလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်သည်။
`ကုလအဖွဲ့ဝင်တွေအနေနဲ့ လှည့်လည်ကြည့်ရှုမှုလုပ်ငန်းတွေ မလုပ်တော့ပါဘူး။ သူတို့နေတဲ့နေရာ မှာဘဲ ရှိနေမှာဖြစ်ပြီးတော့ နောက်ထပ်ညွှန်ကြားမှုမရမချင်း ဘာမှဆောင်ရွက်မှာ မဟုတ်တော့ပါဘူး။`ဟု တနင်္ဂနွေနေ့က စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ရောဘတ်မုဒ်က ကြေငြာချက်ထုတ်ပြန် လိုက်သည်။
ဆီးရီးယားတွင် ကုလစေလွှတ်တပ်ဖွဲ့ဝင် ၃၀၀ ခန့်ရှိပြီး ကိုဖီအာနန်တင်ပြထားသော ငြိမ်းချမ်းရေးသဘော တူညီချက် ၆ ချက်ကို လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိနှင့် အစိုးရနှင့် အတိုက်အခံများကြားအပစ်အခတ် ရပ်စဲမှုရှိ၊ မရှိ စောင့်ကြည့်ရန် တာဝန်ပေးအပ်ထားသည်။
သို့သော် ဧပြီလအတွင်းကစ၍ စောင့်ကြည့်အဖွဲ့ကို ပထမဆုံးစေလွှတ်လိုက်သည့်အချိန်မှ စ၍ အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်ကာ အတိုက်အခံများက စောင့်ကြည့်အဖွဲ့ကို ဝေဖန်ပြောဆိုလျှက်ရှိသည်။
ဗိုလ်မှူးကြီးမုဒ်သည် စောင့်ကြည့်အဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းလိုက်သည့် အကြောင်းကို အစိုးရသို့ အကြောင်းကြားခဲ့ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
`လုံခြုံရေးအကြောင်းပြချက်ကြောင့် ကုလစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးရောဘတ်မုဒ်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ဝန်ကြီးဌာနက နားလည်ပေးပါတယ်။` ဟု ပြောကြားခဲ့ကြောင်း ဆီးရီးယား ဆာနာသတင်းဌာနက ကြေငြာခဲ့သည်။
နေ့စဉ်အခြေအနေများနှင့် ဆောင်ရွက်မှုများအပေါ်မူတည်ပြီး စောင့်ကြည့်ရေးလုပ်ငန်းများ၊ ကူညီရေးလုပ် ငန်းများ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရောဘတ်မုဒ်က ဆိုသည်။
`အတိုက်အခံနဲ့ အစိုးရနှစ်ဘက်စလုံးက ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးကို စိတ်မဝင်စားဘဲ စစ်ရေးအရတိုက်ခိုက်ခြင်းတွေသာ ပြုလုပ်နေတာကြောင့် နှစ်ဘက်စလုံး အဆုံးအရှုံးများကြရတဲ့အပြင် အပြစ်မဲ့အရပ်သားတွေ၊ ယောင်္ကျား၊ မိန်းမ၊ ကလေးတွေလည်း နေ့စဉ်သေဆုံးနေကြရပါတယ်။ ဒါ့အပြင် ကုလစောင့်ကြည့်ရေးအဖွဲ့ဝင်တွေအတွက်ပါ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေအထိဖြစ်နေပါတယ်။` ဟု ရောဘတ်မုဒ်က ပြောဆိုသွားသည်။
`လွန်ခဲ့တဲံ ၁၀ ရက်အတွင်းခန့်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် စောင့်ကြည့်ရေးအဖွဲ့ရဲ့ လုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေခဲ့ပြီး ဒေသတွင်း ညှိနှိုင်းမှုတွေပြုလုပ်ဖို့၊ တည်ငြိမ်မှုတွေတည် ဆောက်ဖို့ တိုက်တွန်းခဲ့တာတွေလည်း မအောင်မြင်ခဲ့ပါဘူး။` ဟု ဆို၏။
Source: Al Jazeera
0 comments:
Post a Comment