Wednesday, June 6, 2012

ကဒါဖီအစိုးရဟောင်းမှ ထောက်လှမ်းရေးအကြီးအကဲဟောင်းအား ရုံးထုတ်

လွန်ခဲ့သောနှစ်က လစ်ဗျားအရေးအခင်းတွင် ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ကဒါဖီ အစိုးရ၏ ထိပ်တန်းအရာရှိကြီး တစ်ဦးကို အမှုဖွင့်ရုံးတင်စစ်ဆေးနေပြီဖြစ်သည်။ ကဒါဖီအစိုးရ၏ စုံစမ်းထောက်လှမ်းရေးဌာန အကြီးအကဲဟောင်းဖြစ်သူ ဘူဇီအစ်ဒေါ်ဒါကို အင်္ဂါနေ့က စတင်ရုံးထုတ်ခဲ့ပြီး ကဒါဖီသစ္စာခံများနှင့် မိသားစုဝင်များအား ဥပဒေရှေ့မှောက်သို့ပို့ဆောင်ရာ၌ လစ်ဗျားအစိုးရသစ်၏ တရားရေးမဏ္ဍိုင်မည်မျှ အဆင့်အတန်းရှိသည်ကို အစမ်းသပ်ခံရတော့မည်ဖြစ်သည်။ ဒေါ်ဒါကို လွန်ခဲ့သော စက်တင်ဘာလအတွင်းက ထရီပိုလီမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး လစ်ဗျားအရေးအခင်း ပြီးဆုံးပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အရပ်သားတရားသူကြီးများရှေ့မှောက်တွင် ရုံးထုတ်ခဲ့ခြင်း ဖြစ်ကာ လုံခြုံရေးထူထပ်စွာချထားလေသည်။ အရေးအခင်းအတွင်း အရပ်သားများကို သတ်ဖြတ်ရာတွင် ပူးပေါင်းကြံစည်မှု၊ အရပ်သားများအား သတ်ဖြတ်ရန်အတွက် လက်နက်ခဲယမ်းများပံ့ပိုးပေးမှု၊ ပြည်တွင်းစစ်ဖြစ်စေရန် လှုံ့ဆော်မှု၊ ပြည်သူလူထု၏ ဆန္ဒပြခွင့်ကို ချုပ်ခြယ်ပိတ်ပင်မှု၊ တရားမဝင်ဖမ်းဆီးချုပ်နှောင်မှုနှင့် အာဏာအလွဲသုံးစားလုပ်မှု စသည့်ပြစ်မှု ၆ မှုကျူးလွန်ခဲ့ကြောင်း တရားသူကြီး အယ်-အဂျိုင်လီ အယ်-မာယယ်လူး ကစွဲချက်များကို ဖတ်ကြားပြခဲ့သည်။ `အဲဒီစွဲချက်တွေအားလုံးကို ကျွန်တော်မကျူးလွန်ခဲ့ပါဘူး။ သက်သေအထောက်အထားနဲ့ တကွ ထွက်ဆိုချက်တွေပေးပါ့မယ်။` ဟု ဒေါ်ဒါက ပြန်လည်ချေပခဲ့သည်။ ထို့နောက် တရားခံရှေ့နေ ဒါအိုအယ်-မန်ဆူရီက သူ့အမှုသည်၏ အမှုသွားအမှုလာကို သေချာစွာလေ့လာ နိုင်ရန် အချိန်ပေးရန်တောင်းဆိုသဖြင့် နောက်ရက်ရုံးချိန်းကို ဇွန်လ ၂၆ ရက်နေ့သို့ တရားသူကြီးက ရွှေ့ဆိုင်းပေးလိုက်လေသည်။ ဒေါ်ဒါသည် အပြာရောင်အကျဉ်းသားဝတ်စုံဖြင့် တုတ်ကောက်နှစ်ချောင်းကို အားပြုကာ တရားရုံးသို့ လာခဲ့ရသည်။ သူ့ကိုဖမ်းဆီးစဉ်က ထွက်ပြေးရန်ကြိုးစားစဉ် အဆောက်အဦ ဒုတိယထပ်ပြူတင်းပေါက်မှ ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ဒေါ်ဒါသည် ၁၉၆၉ ခုနှစ် ကဒါဖီအာဏာသိမ်းစဉ်ကတည်းက ကဒါဖီအစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်သည်။ သူသည် ထောက်လှမ်းရေးကျောင်းဆင်းတစ်ဦးမဟုတ်ဘဲ နိုင်ငံရေးအရှိန်အဝါဖြင့်သာ ကြီးစိုးခဲ့သူဖြစ်ကြောင်း အများက သိထားသည်။ ၁၉၈၀ နှစ်များအတွင်း ကဒါဖီအာဏာရှင်စံနစ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် အစောပိုင်းဖြစ်ရပ်များတွင် သူ့ကိုလစ်ဗျားပြည်သူလူထုက ထင်ထင်ရှားရှားသိရှိခဲ့ခြင်းမရှိခဲ့ပေ။ ၂၀၀၉ ခုနှစ် အရောက်မှ ထောက်လှမ်းရေးအလုပ်ကို တာဝန်ယူခဲ့သူဖြစ်သည်။ သူ့ကိုရုံးထုတ်ရာသို့ ညီဖြစ်သူ အဘ္ဘဒူလာအပါအဝင် မိသားစုဝင်များလည်းတက်ရောက်ခဲ့ပြီး ခြေထောက် ဒဏ်ရာမှာ ဝေဒနာခံစားနေရဆဲဖြစ်ကြောင်း ညီဖြစ်သူက ပြောသည်။ `ကျွန်တော့်အစ်ကို အမှုမှာ လစ်ဗျားတရားသူကြီးတွေက မျှမျှတတ ဆုံးဖြတ်ပေးလိမ့်မယ်လို့ ကျွန်တော် အသေအချာယုံကြည်ပါတယ်။` ဟု ပြောခဲ့သည်။ လစ်ဗျားအစိုးရသစ်အနေနှင့် ယခင်အစိုးရဟောင်းမှ အကြီးအကဲများနှင့် ကဒါဖီမိသားစုဝင်များကို လစ်ဗျား တရားရေးအောက်တွင်သာ နိုင်ငံတွင်း၌ စီရင်ချက်ချလိုသည်။ သို့သော် ဗဟိုအစိုးရ မတည်ငြိမ်သေးခြင်း၊ အုပ်ချုပ်ရေးဥပဒေတိတိကျကျမရှိသေးခြင်းတို့ကြောင့် မျှတသောတရားစီရင်ရေးဖြစ်နိုင်မည်မဟုတ်ဟု လူ့အခွင့်အရေးလှုပ်ရှားအဖွဲ့အစည်းများက စိုးရိမ်ပူပန်လျက်ရှိသည်။ နိုဝင်ဘာအတွင်းက ကဒါဖီ၏ သားဖြစ်သူ ဆာအစ်-အယ်အစ္စလာမ်ကို ဖမ်းဆီးရမိခဲ့ပြီး လစ်ဗျားက နိုင်ငံတွင်း၌သာ အပြစ်ပေးလိုပြီး နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကလည်း သူ့ကို အလိုရှိနေသည်။ အကယ်၍လစ်ဗျားကသာ သူ့ကို တရားစီရင်ရေးအတွက် စိတ်မပါလျှင်ဖြစ်စေ၊ မတတ်နိုင်လျှင်ဖြစ်စေ၊ ICC က သူ့ကို အရပ်သားများအား သတ်ဖြတ်မှုအတွက် တရားစီရင်ရန် အလိုရှိနေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။