Saturday, June 9, 2012

ဂျမေကာမူးယစ်ရာဇာကို အမေရိကန်အစိုးရ ထောင်ဒဏ် ၂၃ နှစ်ချ

ဂျမေကာလူမျိုး မူးယစ်ရာဇာ ခရစ္စတိုဖာ ဒူးဒပ်စ် ကုတ်အား အမေရိကန် မူးယစ်နှိမ်နင်းရေးက ဖမ်းဆီးခဲ့ ပြီး ထောင်ဒဏ် ၂၃ နှစ်ချမှတ်လိုက်သည်။ ကုတ်သည် ၎င်းအား ပြိုင်ဘက်များနှင့် နောက်လိုက်များက ရိုသေကြောက်ရွံ့မှုရှိစေရန် အစွမ်းကုန်ရက်စက်ပြသော နည်းလမ်းများကို အသုံးပြု၍ မူးယစ်လောကတွင် ကျင်လည်ခဲ့သူတစ်ယောက်ဖြစ်သည်။ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း ကျူးလွန်ခဲ့သော မူးယစ်မှောင်ခိုမှုများနှင့် တိုက်ခိုက်မှုများအတွက် အပြစ်ရှိ ကြောင်း ခံဝန်ချက်ပေးခဲ့ပြီး အမေရိကန်တရားရုံးတစ်ခုက အသက် ၄၃ နှစ်ရှိ ကုတ်အား သောကြာနေ့က အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂၃ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ ကုတ်ကို အမေရိကန်က အလိုရှိနေပြီး ဂျမေကာအာဏာပိုင်များအကူအညီဖြင့် အမေရိကန်သို့လွှဲပြောင်း ပေးရေးအတွက် ကြိုးပမ်းခဲ့ပြီးနောက် ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ခုနှစ်များအတွင်း နယူးယောက်၊ မိုင်ယာမီ နှင့် ကင်းစတန်၊ ဂျမေကာ မြို့များအပါအဝင် ကမ္ဘာအနှံ့သို့ ဆေးခြောက်၊ ကိုကင်း စသည့်မူးယစ်ဆေးဝါးများဖြန့်ချိရေးလုပ်ကိုင်သည့် Shower Posse ဟု အမည်ရသည့် နိုင်ငံတကာ မူးယစ် ရာဇဝတ်ဂိုဏ်းတစ်ခုကို ကုတ် တည်ထောင်လည်ပတ်ခဲ့သည်။ ကုတ်သည် ဂျမေကာရှိ တီဗိုလီ ဂါးဒင်းမြို့တွင် အခြေချပြီး ကမ္ဘာအနှံ့မူးယစ်ဆေးဖြန့်ချိသည့် လုပ်ငန်းကို ကြီးကြပ်ကွပ်ကဲခဲ့သည်။ ယင်းမြို့ကို အမေရိကန်အာဏာပိုင်များက လက်နက်ကိုင် အဖွဲ့အစည်းများ ကြီးစိုး သည့် မြို့ဟု အမည်ပေးထားပြီး ၂၀၁၀ တွင် ဂျမေကာအာဏာပိုင်များက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး အမေရိကန်သို့လွှဲပြောင်းပေးခဲ့သည်။ ထိုမြို့ကို ကုတ်၏ တပည့်လက်သားများက လက်နက်ကိုင်စောင့်ကြပ်ထားခဲ့ကြောင်း၊ ယင်းလက်နက်များမှာ အမေရိကန်မှ ဂျမေကာသို့မှောင်ခိုတင်သွင်းပြီး မှောင်ခိုဈေးကွက်မှ ဝယ်ယူကိုင် ဆောင်သော လက်နက်များဖြစ်ကြောင်း တရားရေးအဖွဲ့က ပြောသည်။ သူ့ကို မက်ဟန်တန် ခရိုင်တရားရုံးတွင် သောကြာနေ့က ရုံးထုတ်စဉ် ကုတ်သည် မီးခိုးရောင် ထောင်ဝတ်စုံ ကို ဝတ်ဆင်ထားလျှက် အေးတိအေးစက် အမူအရာဖြင့်သာထိုနေခဲ့သည်။ တရားသူကြီးက ကုတ်ကို မေးမြန်းရာတွင် ကုတ်က သူသည်လူကောင်းတစ်ဦးဖြစ်ကြောင်း၊ ဂျမေကာရှိ သူ့လူမျိုးများအတွက် ကောင်းမွန်သည့်လုပ်ရပ်များသာ လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ သို့သော် တရားသူကြီး ပက်တာဆန်က မူးယစ်မှောင်ခိုမှုများအတွက် ထောင်ဒဏ်အနှစ် ၂၀ နှင့် လက်နက်ကိုင်တိုက်ခိုက်သတ်ဖြတ်မှုများအတွက် ထောင်ဒဏ် ၃ နှစ်တို့ကို တစ်သီးတစ်ခြားစီနှင့် တစ်ဆက်တည်းကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ ထို့ပြင် ဒဏ်ငွေ ဒေါ်လာ ၁.၅ သန်းပေးဆောင်ရမည်ဖြစ်သည်။ `ဒီအမှုကို စီရင်ချက်ချနိုင်တာဟာ ခရစ္စတိုဖာကုတ်လို လုံးဝမထိရဲလောက်အောင် အကောင်ကြီးတဲ့ ရာဇဝတ်သားတွေကို ဖေါ်ထုတ်နှိုင်တယ်၊ ဖမ်းနိုင်တယ်၊ စီရင်ချက်ချနိုင်တယ် ဆိုတဲ့ တရားဥပဒေစိုးမိုးရေးရဲ့ ခိုင်မာတဲ့ ပြယုဂ်ကို ထုတ်ဖေါ်ပြသလိုက်ခြင်းပဲဖြစ်ပါတယ်။`ဟု အမေရိကန်မူးယစ်နှိမ်နင်းရေးဌာန နှင့် လက်တွဲအလုပ်လုပ်နေသော စုံထောက် ဝီးလ်ဘတ်ပလမ်မာ ကပြောသည်။ ကုတ်၏ ရှေ့နေဖြစ်သူ စတီဖင်ရိုဆင်က ကုတ်အတွက် စီရင်ချက်ထောင်ဒဏ်များကို တစ်ပေါင်းတည်း ကျခံပေးရန် လျှောက်လဲချက်ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း၊ အယူခံဝင်တော့မည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။ သို့သော် ကုတ်အသက် ၆၀ ခန့်တွင် လျှော့ပေါ့ရက်များဖြင့် ပြန်လည်လွတ်မြောက်ပြီး ဂျမေကာသို့ ပြန်နိုင် မည်ထင်ကြောင်း ရိုဆန်က ပြောသည်။ ဂျမေကာ အမျိုးသားလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ပီတာဘန့်တင်းက ကုတ်အားယခုကဲ့သို့ အပြစ်ပေးလိုက် ခြင်းသည် ရာဇဝတ်သားများအား ဥပဒေအထက်တွင် မည်သူမျှ မရှိဟူသော အချက်ကို အသိပေးလိုက်ခြင်းပင်ဖြစ်ပြီး အယူခံဝင်နိုင်ခြင်းသာမရှိခဲ့ပါက ကုတ်အနေနှင့် တစ်သက်တစ်ကျွန်းပင် ကျသွားနိုင်ကြောင်း ပြောသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။