Saturday, June 23, 2012

တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုလား၊ ခြိမ်းခြောက်မှုလား (ဘာသာပြန်ဆောင်းပါး)

တောင်နဲ့ မြောက်ကိုရီးယား နယ်စပ်၊ အပစ်ရပ်ဇုံကနေ ၂၅ ကီလိုမီတာအကွာမှာရှိတဲ့ ပိုချီယွန်တောင်ကုန်းတစ်ဝိုက် တင့်ကားအမြောက်ပစ်ခတ်သံတွေက တအုန်းအုန်းမြည်ဟီးနေပါတယ်။ ပြီးတော့ ဂျက်တိုက်လေယာဉ်တွေက ထပ်မံ ပစ်ခတ်တိုက်ခိုက်ပါတယ်။ နောက် ရဟတ်ယာဉ်တွေ ပျံတက်လာပြန်တယ်။ ပစ်မှတ်တွေကို ပစ်ခတ်လိုက်တဲ့ ဆီကနေ အဝါရောင်မီးပွင့်မီးပွားတွေကို အဝေးကနေတောင်လှမ်းမြင်ရပါတယ်။ ပြီးတော့ မီးခိုးတွေ လုံးပြီးတက်လာ တယ်။ ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေက မြေပြင်က အဆက်အပြတ်တုန်ခါနေပါတော့တယ်။ ဒါတွေကတော့ ၁၉၅၀၊ ဇွန်လ ၂၅ ရက်နေ့မှာ တောင်၊ မြောက်အပစ်အခတ်ရပ်စဲထားမှု ၆၂ နှစ်မြောက် အထိမ်း အမှတ်အနေနဲ့ တောင်ကိုရီးယားရဲ့ လက်နက်ကိရိယာအစစ်တွေနဲ့ ပြုလုပ်တဲ့ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်ပါတယ်။ တပ်သား အင်အား ၂ ၀၀၀၊ တင့်ကားတွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ အမြောက်ပစ်စင်တွေ အများအပြားပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး နောက်ထပ် စစ်ရေးလေ့ကျင့်မှု နှစ်ခုနဲ့ အတူတစ်ပြိုင်နက် ပြုလုပ်နေခြင်းဖြစ်ပါတယ်။ နောက်နှစ်ခုက ကိုရီးယားကျွန်းဆွယ်တောင်ဘက်မှာ တောင်ကိုရီးယား-အမေရိကန်-ဂျပန် ပူးတွဲလေ့ကျင့်မှုနဲ့ အနောက်ဘက်ကမ်းခြေမှာ အမေရိကန်-ကိုရီးယား ပူးတွဲလေ့ကျင့်မှု တို့ဖြစ်ပါတယ်။ တောင်ကိုရီးယားစစ်တပ်အနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတယ်ဆိုတာ ပြသဖို့ အစမ်းလေ့ကျင့်မှုတွေပြုလုပ်ခြင်း ဖြစ်တယ် လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတာဝန်ရှိသူများက ဆိုပါတယ်။ `ရန်သူရဲ့ တိုက်ခိုက်လာမှုတွေနဲ့ ရန်စမှုတွေကို တားဆီးကာကွယ်ဖို့ ကျွန်တော်တို့ စစ်တပ်မှာ ခေတ်မီလက် နက်တွေနဲ့ တိုက်ခိုက်မှုစွမ်းရည်အပြည့်နဲ့ အင်အားအပြည့်အဝရှိနေတယ်ဆိုတာ ပြသတာပါ။` ဟု တောင်ကိုရီးယား စစ်တပ် ဗိုလ်မှူးကြီး ပတ်ချုံတေးက ပြောပါတယ်။ `ကျွန်တော်တို့ အရေးကြုံလာတဲ့ အချိန်မှာ အတူတကွ ပူးတွဲတိုက်တွဲဝင်နိုင်ဖို့ အဆင့်သင့်ဖြစ်နေအောင်လို့ တောင်ကိုရီးယားနဲ့ ပူးတွဲလေ့ကျင့်ခဲ့ခြင်းဖြစ်ပါတယ်။ ပူးတွဲတိုက်ပွဲဝင်ခြင်းက ကျွန်တော်တို့ကို ပိုပြီးအင်အား တောင့်တင်းစေပါတယ်။` လို့ အမေရိကန်အမှတ် ၂ တပ်ရင်းပြောရေးဆိုခွင့်ရ ဒုတိယဗိုလ်မှူးကြီး ဂျိုးစခရိုကာက ပြောပါတယ်။ ဒီလို စစ်ရေးလေ့ကျင့်မှုတွေက အဓိကအားဖြင့်တော့ တောင်ကိုရီးယားရဲ့ စစ်မျက်နှာမှာ ရှိနေတဲ့ မြောက်ကိုရီးယား ကိုရည်ရွယ်ပါတယ်။ ဒီနှစ်နိုင်ငံက ၁၉၅၃ ခုတုန်းက အပစ်အခတ်ရပ်စဲရေးစာချုပ်သာ ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီးတော့ ငြိမ်းချမ်းရေးစာချုပ် မဟုတ်ပါဘူး။ ဒါကြောင့် အချိန်မရွေး အပစ်အခတ်ရပ်စဲမှု ကျိုးပေါက်သွားနိုင်ပါတယ်။ တောင်ကိုရီးယားဘက်က ဒီလို စစ်ရေးလေ့ကျင့်မှုတွေလုပ်တိုင်း မြောက်ကိုရီးယားက ရန်လိုရန်စမှုအဖြစ်ရှုမြင်ပြီး ရှုံ့ချပြောဆိုလေ့ရှိပါတယ်။ `စစ်ပွဲသစ်တစ်ခုရဲ့ တိမ်တိုက်မဲကြီးကတော့ ကိုရီးယားကျွန်းဆွယ်အပါအဝင် အရှေ့မြောက်အာရှဒေသကို ထူထပ်ပိန်းပိတ်စွာ အုပ်မိုးထားပါတယ်။` လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းစာဖြစ်တဲ့ ရိုဒွန်းဆင်မွန်းမှာ စစ်ပွဲဖြစ် သွားနိုင်တယ် ဆိုတဲ့အကြာင်း ရေးသား သတိပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက မြောက်ကိုရီးယားအနေနဲ့ အကြောင်းကြောင်းတွေကြောင့် ချက်ခြင်းတုံ့ပြန်တိုက်ခိုက် နိုင်စွမ်းမရှိသေးဘူးလို့ဆိုပါတယ်။ မြောက်ကိုရီးယားမှာ အထူးသဖြင့် ကျေးလက်ဒေသတွေ အကြီးအကျယ်မိုးခေါင် ရေရှားမှုဖြစ်နေပါတယ်။ မြောက်ကိုရီးယားအတွက် စားနပ်ရိက္ခာလှူးဒါန်းနိုင်ဖို့ ကုလသမဂ္ဂက ဒေါ်လာ သန်း ၂၀၀ လိုအပ်ကြောင်း ပြောထားပါတယ်။ နောက်တစ်ချက်က တောင်ကိုရီးယားမှာ သမ္မရွေးကောက်ပွဲရှိနေတဲ့ အချက် ဖြစ်ပါတယ်။ `ဒီနှစ်ကုန်ပိုင်းမှာ တောင်ကိုရီးယားမှာ သမ္မတရွေးကောက်ပွဲရှိနေတဲ့အတွက် မြောက်ကိုရီးယားက ဘာမှ တုံ့ပြန်ဦးမှာ မဟုတ်ပါဘူး။ စစ်ရေးအရ တုံ့ပြန်မယ်ဆိုရင် သမ္မတရွေးကောက်ပွဲပြီးမှသာ ဖြစ်ပါလိမ့်မယ်။` လို့ ကိုရီးယားကာကွယ်ရေးဖိုရမ်မှ သုတေသီတစ်ဦးဖြစ်သူ ယန်းဝုခ် က သုံးသပ်ပြောကြားသွားပါတယ်။ ရွေးကောက်ပွဲမတိုင်မီ တုံ့ပြန်တိုက်ခိုက်လိုက်ရင် တောင်ကိုရီးယားတွေကြား မြောက်ကိုရီးယားဆန့်ကျင်ရေးစိတ်ဓါတ် တွေ ပိုမိုကြီးထွားလာပြီး မြောက်ကိုရီးယားမုန်းတီးတဲ့ သမ္မတသစ်တက်လာမှာကို မြောက်ကိုရီးယားက လိုလားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သမ္မတ ကင်ဒေးရုံလက်ထက်တုန်းက မြောက်ကိုရီးယားကို အကူအညီတွေအများအပြားပေးခဲ့ပါတယ်။ `နွေးထွေးစွာ ဆက်ဆံရေး` ဆိုတဲ့ ၂၀၀၀ ခုနှစ်ချမှတ်မူဝါဒနဲ့ အညီ စီးပွားရေးအကူအညီတွေနဲ့ အတူ ကွန်မြူနစ်မြောက်ကိုရီးယား ကို စည်းရုံးနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ သူ့ကိုဆက်ခံခဲ့တဲ့ သမ္မတဟောင်း ရိုမူဟွန်းလည်း ဒီမူဝါဒအတိုင်း ဆက်လက်ကျင့် သုံးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာ လီမြောင်ဘတ် သမ္မတဖြစ်လာတော့ အကျုံးမဝင်တဲ့ အကူအညီတွေကို ရပ်ဆိုင်းလိုက်ပါ တော့တယ်။ လီမြောင်ဘတ်ရဲ့ အားထုတ်မှုကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေဖျက်သိမ်းရင် ရပ်ဆိုင်းရင်း အစားအသောက်နဲ့ အခြားအကူအညီတွေ ပေးသွားမယ်ဆိုတဲ့ အပေးအယူလုပ်ကြည့်ခြင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က မြောက်ကိုရီးယားကို `နွေးထွေးစွာဆက်ဆံခြင်း` ဆိုတဲ့မူဝါဒနဲ့ ငြိမ်းချမ်းရေးလုပ်ကြည့်ခဲ့ခြင်းက မအောင်မြင်ခဲ့ပါဘူးလို့ ပြန်လည်ပေါင်းစည်းရေး တောင်ကိုရီးယားဝန်ကြီးဌာန ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေဖြစ်လာနိုင်တဲ့ မျှော်လင့်ချက်ကို မြင်နေရပါတယ်။ `နွေးထွေးစွာဆက်ဆံရေး` မူဝါဒကို ပြန်လည် အသက်သွင်းနိုင်တယ်လို့ မျှော်လင့်ရတဲ့ သမ္မတရိုမူဟွန်းလက်ထက်က သမ္မတရုံးအကြီးအကဲအဖြစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ မွန်းဂျေးအင် သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မကြာသေးမီကပဲ ကြေငြာခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်တွေအနေနဲ့ တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုတွေကို အနီးကပ်စောင့်ကြည့်နေမှာ မဟုတ်ပါဘူး။ တောင်ကိုရီးယားရွေးကောက်ပွဲကိုပဲ အသေအချာစောင့်ကြည့်နေမှာဖြစ်ပါတယ်။ အဲဒီမှာ သူတို့အတွက် အခွင့်အလမ်းကောင်းတွေရှိနိုင်ပါတယ်။ Source: Al Jazeera Blog

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။