Thursday, June 14, 2012

ကမ္ဘာ့အကြီးဆုံး ပင်လယ်ပြင်ထိန်းသိမ်းဧရိယာ သြစတြေးလျ ဆောင်ရွက်မည်

ပင်လယ်ပြင်ထိန်းသိမ်းရေးအတွက် ကမ္ဘာ့အကြီးဆုံး သဘာဝအဏ္ဏဝါဥယျာဉ်ကွန်ယက်ကြီးတစ်ခုကို သြစတြေးလျအစိုးရ အကောင်အထည်ဖေါ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံအကျယ်အဝန်းခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ထိန်းသိမ်းထားသောနေရာများတွင် ရေနံသဘာဝဓါတ်ငွေ့တူးဖေါ်ခြင်းများကို တားမြစ်မည်ဖြစ်ပြီး စီးပွားဖြစ်ငါး ဖမ်းခြင်းများကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်သည်။ သြစတြေးလျ ပင်လယ်ပြင်ထိန်းသိမ်းစောင့်ရှောက်ထားသောနေရာပေါင်း ယခင် ၂၇ နေရာမှ နေရာ ၆၀ အထိရှိလာမည်ဖြစ်ပြီး နိုင်ငံပိုင်ပင်လယ်ရေပြင် အကျယ်အဝန်း၏ သုံးပုံတစ်ပုံခန့်ဖြစ်သော ဧရိယာစတုရန်း မိုင်ပေါင်း ၃ သန်းခန့်အကျယ်အဝန်းရှိမည်ဖြစ်သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကို ထိန်းသိမ်းရန် ဘရာဇီးနိုင်ငံ ရိုင်ရိုဒီဂျနဲရိုးမြို့တွင် ကုလသမဂ္ဂဦးစီး ကျင်းပမည့် သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ မတိုင်မီ တစ်ပတ်အလိုတွင် သြစတြေးလျ အစိုးရက အထက်ပါအစီအစဉ်ကို ကြေငြာလိုက်ခြင်းဖြစ်သည်။ ယင်းညီလာခံသို့ နိုင်ငံပေါင်း ၁၃၀ ကျော်မှ ခေါင်းဆောင်ပိုင်းများ တက်ရောက်ကြမည်ဖြစ်ပြီး ကုလသမဂ္ဂသမိုင်းတွင် အကြီးမားဆုံး ညီလာခံကြီးဖြစ် သည်။ ထိန်းသိမ်းစောင့်ရှောက်မည့် ပင်လယ်ပြင်အသစ်နေရာများမှာ အနောက်တောင်ဘက်ရှိ ပါ့ကင်ညွန်ကျွန်းမှ တောင်ဘက်ကမ်းလွန် ကန်ဂရူးကျွန်းအထိဖြစ်ကြောင်း၊ သို့သော် အနောက်မြောက်ဘက်ရှိ ဂရိတ်ဘယ်ရီယာရိဗ် (သန္တာကျောက်တန်းကြီး) ဖြင့်ဝန်းရံထားသော သန္တာကျောက်တန်းပေါများသော ပင်လယ်ပြင်ဧရိယာများလည်း ပါဝင်မည်ဖြစ်ကြောင်း သြစတြေးလျသဘာဝပတ်ဝန်းကျင်ဝန်ကြီး တိုနီဘာကီက ကြာသပတေးနေ့က ပြောသည်။ `ဂရိတ်ဘယ်ရီယာရိဗ် ဧရိယာအပါအဝင် ပင်လယ်ပြင်သန္တာကျောက်တန်း သဘာဝဥယျာဉ်က ကမ္ဘာ့အကြီးဆုံး ပင်လယ်ပြင်ထိန်းသိမ်းဧရိယာတစ်ခုဖြစ်လာပါလိမ့်မယ်။` ဟု ကာကီကပြောသည်။ ထိန်းသိမ်းဧရိယာတိုးပွားလာသည်နှင့်အမျှ ငါးဖမ်းလုပ်ငန်းများကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ဝန်ကြီး က ဝန်ခံပြောကြားခဲ့သည်။ သို့သော် အချို့သော သဘာဝပတ်ဝန်းကျင်အုပ်စုများ၊ နိုင်ငံရေးအုပ်စုများ၏ ဝေဖန်ခြင်းကို ခံနေရသည်။ `ကမ်းရိုးတန်းဒေသမှာ နေတဲ့သူတွေအတွက် အထူးထိခိုက်နစ်နာစေပါတယ်။` ဟု သြစတြေးလျ အဏ္ဏဝါမိတ္တ အဖွဲ့၏ အမှုဆောင်ချုပ် ဒင်းလိုဂန်က ပြောသည်။ ယင်းအဖွဲ့သည် စီးပွားဖြစ်နှင့် အပျော်တမ်း ငါးဖမ်း လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သြစတြေးလျအစိုးရက ငါးဖမ်းလုပ်ငန်းများအတွက် လျှော်ကြေးပေးရန် ရက်ပေါင်း ၆၀ အတွင်း လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြောဆိုသွားမည်ဖြစ်ကြောင်း ဘာကီကပြောကြားခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။